စစ်ကောင်စီ၏ ဝင်ငွေရလမ်း MOGE ကို စီးပွားရေးပိတ်ဆို့ရန် နှင့် မြန်မာနိုင်ငံကို ဆီးရီးယား ပြည် တွင်းစစ် ကဲ့သို့ ဆွဲသွင်းနေသည့် ရုရှား၏ လက်နက် တင်ပို့နေမှုနှင့် ကြိုးပမ်းမှုကို တားမြစ်ရန် အမေရိကန်လွှတ်တော်အမတ် ၅ ဦးက သမ္မတဘိုင်ဒင်အစိုးရထံ စာပေးပို့
ရန်ကုန်၊ ဩဂုတ် ၂၈
စစ်ရာဇဝတ်မှုနှင့်လူမျိုးတုန်းသတ်ဖြတ်မှု တရားခံ မြန်မာ စစ်ကောင်စီ၏ ဝင်ငွေရလမ်း MOGE မြန်မာရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း ကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ရန်နှင့် မြန်မာနိုင်ငံကို ပျက်စီးစေရန် လုပ်ဆောင်နေသည့် ရုရှားလုပ်ရပ်ကို တားဆီးရန် အမေရိကန်အထက်လွှတ်တော်အမတ် ၅ ဦးက သမ္မတဘိုင်ဒင်အစိုးရထံ စာပေးပို့တောင်းဆိုလိုက်ကြသည်။
ဩဂုတ်လ ၂၅ ရက်နေ့တွင် အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီး Janet Yellen ၊ နိုင်ငံခြားရေးဝန်ကြီး Antony J.Blinken တို့ထံသို့ အမေရိကန်အထက်လွှတ်တော်အမတ် Jeffery A. Merkley ၊ Cory A. Booker ၊ Dianne Feinstein ၊ Edward J. Markey ၊ Gary C.Peters တို့က စစ်ကောင်စီ၏ ဝင်ငွေရလမ်း MOGE ကိုစီးပွားရေးပိတ်ဆို့ဒဏ်ခတ်ရန် တိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။
လွန်ခဲ့သော ၅ နှစ် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ရွေးကောက်တင် မြှောက်ထားသော အစိုးရထံမှ အာဏာ သိမ်းယူပြီး ပြည်သူ ၂၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကိုလည်း သေဒဏ်ပေး သတ်ဖြတ်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ အကြမ်းဖက် စစ်ကောင်စီနှင့်စစ်တပ်သည် အပြစ်ပေး အရေးယူခံရမှု မရှိဘဲ ပြစ်ဒဏ်မှ ကင်းလွတ်နေကြောင်း၊ စစ်ကောင်စီသည် နိုင်ငံတကာ ဥပဒေများနှင့်စံနှုန်းများကို ချိုးဖောက်လျက်ရှိကြောင်း ဖော်ပြထားသည်။
အမေရိကန်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ခေါင်းဆောင်နေသည်ဖြစ်ရာ ယင်းအကျပ်အတည်းကို ချက်ချင်း အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီ၏ ဝင်ငွေရလမ်း မြန်မာ့ရေနံနှင့်သဘာ ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့ အရေးအရေးယူရမည်ဖြစ် ကြောင်း ၊ MOEG ကိုဒဏ်ခတ်ပိတ်ဆို့ရာတွင် မိတ်ဆွေနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနှင့်ရုရှားအကြား မဟာမိတ်ဆက်ဆံရေး ကိုလည်း လျော့ကျရေး အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း တောင်းဆိုထားသည်။
MOGE ကို ပိတ်ဆို့ခြင်းဖြင့် စစ်ကောင်စီထံသို့ ဘီလီယံနှင့်ချီသော အမေရိကန်ဒေါ်လာများ စီးဆင်းမှုကို ရပ်တန့်ရမည်ဖြစ်ကြောင်း၊MOGE ဝင်ငွေသည် တစ်နိုင်ငံလုံး နိုင်ငံခြားဝင်ငွေ၏ ရာခိုင်နှုန်း တစ်ဝက်ပမာဏ ရှိကြောင်း၊ ထိုသို့ ပိတ်ဆို့မှုများကြောင့် စစ်ကောင်စီအနေဖြင့် စစ်လက်နက်များ၊ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ဝယ်ယူမှုကို ခက်ခဲစေမည်ဖြစ်ကြောင်း၊ သို့ရာတွင် လူအသိုက်အဝန်းကို မထိခိုက်စေရန် ဓာတ်ငွေ့ထုတ်လုပ်မှုကို လုံး၀ ပိတ်ချမှု မလုပ် ဘဲ ဝင်ငွေများ စီးဆင်းမှုကို စစ်ကောင်စီထံ မရောက်ရှိစေရေး ပိတ်ဆို့ရမည်ဖြစ်ကြောင်း ရေးသားတောင်းဆိုထားသည်။
ထို့ပြင်ရုရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံလာရောက်ပြီး အကြမ်းဖက်စစ်ကောင်စီကိုထောက်ခံသည်ကို ပြသခဲ့ကြောင်း၊ ရုရှားသည် အကြမ်းဖက် အာဏာရှိသူများကို ထောက်ခံခြင်းဖြင့် နိုင်ငံတကာတွင် အမေရိကန်နှင့်မဟာမိတ်များ၏ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနေကြောင်း၊ အကြမ်းဖက်အာဏာရှိသူများက ပြည်သူများကို ပြန်လည်သတ်ဖြတ်နိုင်ရေး စစ်လက်နက်များကို ရုရှားက ပျော်ပျော်ကြီး တင်ပို့နေကြောင်း၊ ရုရှား၏ ပြုမူကြောင့် ကြောက်မက်ဖွယ်ရာ အကျိုးရလဒ်ကို ဆီးရီးယားနိုင်ငံတွင် မြင်တွေ့ခဲ့ရပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရုရှားက ဆီးရီးယားကဲ့သို့ အလားတူ လုပ်ဆောင်နေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် ရုရှား၏ စစ်လက်နက်တင်ပို့မှု တိုးမြှင့်လာမှု၊ စစ်ကောင်စီအတွက် အရေးကြီး ပါတာနာ ဖြစ်လာမှုနှင့် မြန်မာပြည်သူများကို လေကြောင်းဖြင့် တိုက်ခိုက်နေမှုများကို ငြိမ်မနေသင့် တော့ကြောင်း၊ ရုရှားကို သံတမန်နည်းလမ်း၊ ငွေကြေးဆိုင်ရာ နည်းလမ်းများဖြင့် ဖိအားပေး တားဆီးရမည်ဖြစ်ကြောင်း ရေးသားတောင်းဆိုထားသည်။