27 C
Yangon

မြောက်ဦး ခမရ ၃၇၇ တပ်ရင်းက ပစ်သည့် လက် နက် ကြီးကျရောက်၍ မြောက်ဦး ကင်းဆိပ်ကျေးရွာမှ ပြည်သူ ၂ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာပြင်းထန်

Must read

ရန်ကုန်၊ သြဂုတ် ၂၈

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ ကင်းဆိပ်ကျေးရွာတွင် ယနေ့သြဂုတ် ၂၈ ရက်ညနေပိုင်းအချိန်ခန့်၌ လက်နက်ကြီးကျရောက်လာမှုကြောင့် ကျေးရွာသား ၅ ဦးဒဏ်ရာပြင်းထန်ရရှိကာ ၂ ဦးသေဆုံးမှုဖြစ်ကြောင်း ဒေသခံများကပြောသည်။

ညနေ ၄ နာရီခွဲကျော်အချိန့်ခန့်တွင် ကျေးရွာအတွင်းသို့ ရုတ်တရက်လက်နက်ကြီးကျရောက်လာခြင်းဖြစ်ပြီး ထိုနေရာတွင်ပင်သေဆုံးသွားသူမှာ အသက် ၇၀ အရွယ်အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးကာ ကျန် ၅ ဦးမှာလည်း စိုးရိမ်ရကြောင်း လူနာများအားလိုက်ပါပို့ဆောင်ပေးခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။

“စုစုပေါင်း ၇ ယောက်ပါ။ အသက် ၇၀ အရွယ်တစ်ယောက်နဲ့ နောက်ထပ်အမျိုးသမီး၁ ဦးလည်းသေသွားတယ်။ ကျန်လူတွေလည်းစိုးရိမ်ရတယ်။ တစ်ယောက်ဆိုဝမ်းဗိုက်အူးတွေထွက်သွားတယ်။ ၄ နှစ်အရွယ်ကလေးတစ်ယောက်လည်း ခြေထောက် ခေါင်း၊ ရင်ဘတ်တွေပါထိသွားထားတယ်” ဟုပြောသည်။

လက်နက်ကြီးထိမှန်သူများမှာ အမျိုးသား ၃ ဦး အမျိုးသမီး ၄ ဦးဖြစ်ပြီး မြောက်ဦးမြို့ရှိ ခမရ ၃၇၇ တပ်ရင်းမှလက်နက်ကြီးပစ်ခတ်စဥ်ထွက်ပြေးကြရာတွင် ထိမှန်ခဲ့ကြခြင်းဖြစ်ကြောင်း ကင်းဆိပ်ကျေးရွာသားများက ပြောသည်။

လက်ရှိတွင် အဆိုပါလူနာများကို မြောက်ဦးဆေးရုံကြီးသို့ပို့ဆောင်ထားပြီးဖြစ်ရာ ကျေးရွာသားများမှာမူ အနီးနားရှိ ချောင်းနာရွာနှင့် ကလကကျေးရွာများသို့ထွက်ပြေးတိမ်းရှောင်းလျက်ရှိကြောင်း သိရသည်။

ယနေ့သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် မြောက်ဦး လက္ကာအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

ယမန့်နေ့ သြဂုတ် ၂၇ ရက်နေ့ကလည်း မောင်တောမြို့နယ််မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး မင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦး စစ်ကောင်စီမှ ပစ်ခတ်သည့်လက်နက်ထိမှန်၍ သေဆုံးမှုရှိခဲ့သည်။

ရခိုင်ဒေသတွင်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲအရှိန်မှာ ဆက်လက်မြင့်တက်လျက်ရှိပြီး ပလက်ဝ၊ ရသေ့တောင်၊ မောင်တောနှင့် တောင်ကုတ်ဖက်တို့အပြင် မြောက်ဦးမြို့နယ်တွင်ပါကူးစက်ဖြစ်ပွားလာခြင်းဖြစ်သည်။

သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တွင်လည်း မောင်တောမြောက်ပိုင်း ခမောင်းဆိပ်နှင့် မင်းခမောင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲပြင်းထန်မှုရှိခဲ့ပြီး မင်းခမောင်းကျေးရွာမှ ဒေသခံ ၃ ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ၂၇ ရက်ညနေပိုင်းတွင် စစ်ကောင်စီဖက်မှ ခမောင်းဆိပ်ဗျူဟာကုန်းဖက်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြုကာ ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ပွဲဧရိယာအတွင်း ဒေသခံများမှာလည်း ဘေးလွတ်ရာ ကျေးရွာများသို့ အသီးသီးထွက်ပြေးခိုလှုံခဲ့ကြရသည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article