29 C
Yangon

ရခိုင်ပြည်နယ်နှင့် ပလက်၀တွင် အကြမ်းဖက်စစ်တပ်က စစ်ရာဇဝတ်မှုများ ကျူးလွန်နေပြီး ပြည်သူများကို သတ်ဖြတ်နေမှု ရခိုင်ကျောင်းသားသမဂ္ဂ ၉ ဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချ

Must read

ရန်ကုန်၊ သြဂုတ် ၂၉

ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ မောင်တော၊ မြောက်ဦးမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို အကြမ်း ဖက် စစ်တပ်က စားနပ်ရိက္ခာများ ဖြတ်တောက်ထားပြီး ဒေသခံ ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ် သတ်ဖြတ်ခြင်းဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေမှုကို ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ အဖွဲ့ ၉ ခုက ပြင်းထန်စွာ ရှုတ်ချလိုက်ကြသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ရခိုင်တပ်တော် (AA)နှင့် အကြမ်းဖက် စစ်တပ်တို့အကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိသော စစ်ကောင်စီသည် ၎င်းတို့၏ ဖက်ဆစ် ထုံးစံအတိုင်း ပြည်သူ၏ ရပ်ရွာများ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ ပြည်သူများကို ဓားစာခံသဖွယ် ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုရှိကြောင်း၊ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂ အနေဖြင့် စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားသည်။

အကြမ်းဖက် စစ်တပ်သည် ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ မောင်တော၊ မြောက်ဦးမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို စားနပ်ရိက္ခာများ ဖြတ်တောက်ကာ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိကာ ယင်းဖြစ်စဥ်ကို မသိကျိုးကျွံပြုသော နှုတ်ဆိတ်နေသော ရခိုင်ပြည်ဖွား စစ်ကောင်စီ အဖွဲ့ဝင်များနှင့် စစ်ကောင်စီ ဝန်ကြီးများလည်း ရခိုင်ပြည်၏ သမိုင်းတရားခံများ အဖြစ်မှတ်ယူကာ ပြင်းထန်စွာ ရှုံ့ချကြောင်း ပါရှိသည်။

မတရားသတ်ဖြတ်ခံရသော ရခိုင်ပြည်သူများ အပါအဝင် လူသတ် စစ်ကောင်စီ၏ မတရား သတ်ဖြတ်အနိုင်ကျင့်မှု ခံခဲ့ရသော လူထုအားလုံးအတွက် လူသတ် စစ်ကောင်စီအား အမြန်ဆုံး အပြစ်ပေး အရေးယူပြီး တရားမျှတမှု ရှာဖွေပေးရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအား ထပ်မံတောင်းဆိုကြောင်းနှင့် မတရား အသက်ပေးခဲ့ကြရသော ရခိုင်ပြည်သူများအတွက် မိသားစုနှင့် ထပ်တူညီစွာ ဝမ်းနည်းရကြောင်း၊ လူသတ် စစ်ကောင်စီနှင့် အပေါင်းအပါများအား ပြည်သူတို့၏ ကျိန်စာများ အမြန်ဆုံးကျရောက် ပါစေကြောင်း ရခိုင်ပြည် ကျောင်းသား သမဂ္ဂ ၉ ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ရက္ခိုင်ကြည် ကျောင်းသား သမဂ္ဂ ၉ ဖွဲ့ဖြစ်သည့် ကျောင်းသားများ သမဂ္ဂ (စစ်တွေ)၊ ကျောင်းသားများ သမဂ္ဂ (နည်းပညာ တက္ကသိုလ် စစ်တွေ) ၊ ကျောင်းသားများ သမဂ္ဂ (ကွန်ပျူတာ တက္ကသိုလ် စစ်တွေ) ကျောင်းသားများ သမဂ္ဂ (တောင်ကုတ် တက္ကသိုလ်)၊ ကျောင်းသားများ သမဂ္ဂ (သံတွဲ-GTI)၊ ကျောင်းသားများ သမဂ္ဂ (ကျောက်ဖြူ-GFI)၊ ​ကျောင်းသားများ သမဂ္ဂ (ကျောက်ဖြူ ပညာရေး ဒီဂရီ ကောလိပ်)၊ ကျောင်းသားများ သမဂ္ဂ (မြောက်ဦးမြို့နယ်)၊ အခြေခံကျောင်းသားများ သမဂ္ဂ (စစ်တွေမြို့နယ်) တို့က ပူးပေါင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းအချိန်ခန့် မြောက်ဦး ကင်းဆိပ်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ်ကလေးငယ် မောင်မြတ်သူလင်း အပါအဝင် ၃ ဦးသေဆုံးပြီး ဒေသခံများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

သရုပ်ဖော်ပုံ- ဩဂုတ်လ ၂၈ ရက်နေ့ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်း ကျည်ထိမှန်သေဆုံးသွားရမှုကို ဝမ်းနည်းအထိမ်းအမှတ် သရုပ်ဖော် ထားစဉ်။ (မူရင်းသရုပ်ဖော်ပုံ ရေးဆွဲသူ၏ လက်ရာကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article