25 C
Yangon

ရွှေနှင့်ဒေါ်လာစျေးမတက်ရန် စစ်တပ်က အမိန့်ထုတ် ခြိမ်းခြောက် ဖိအားပေးသော်လည်း စျေးနှုန်းများ ဆက်လက်မြင့်တက်၊ အခေါက်ရွှေတစ်ကျပ်သား ၂၉ သိန်းခွဲနီးပါးနှင့် တစ်ဒေါ်လာ ၃၄၀၀ ကျော်အထိ စျေးတက်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

အကြမ်းဖက်စစ်ကောင်စီက စီးပွားရေးသမားများကို ရွှေနှင့်ဒေါ်လာစျေးများ မတက်ရန် ပုံစံအမျိုးမျိုးဖြင့် အမိန့် ထုတ် ခြိမ်းခြောက် ဖိအားပေးသော်လည်း ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း ရွှေစျေးနှင့်ဒေါ်လာစျေးများမြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သား ၂၉ သိန်း ၄ သောင်း၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၇၀ နှင့် ၃၄၂၀ အကြား စျေးထပ်မံ မြင့် တက်သွားကြောင်း သိရှိရသည်။

စစ်ကောင်စီက ယမန်နေ့ နေပြည်တော်တွင် ခေါ်ယူ ဖိအားပေးမှုကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရည်ညွှန်းရွှေစျေးနှုန်းဖြင့်သာ အရောင်းအဝယ်စာရင်းတင်ရန်၊ ဘဏ်စာရင်းအသုံးပြုရန်၊ YGEA ရည်ညွန်းစျေးတင်ရန် အချက် ၃ ချက်ကို ချမှတ်ခဲ့သော်လည်း ရွှေစျေးမှာ ထိန်းမနိုင်ဘဲ ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ ၂၉ သိန်း ၄ သောင်း ငါးထောင်..ရွှေစျေးက ကိုယ်က ဝယ်ချင်တယ်ဆိုရင် အဲဒီစျေးပေးရတယ်။ ၂၉ သိန်းခွဲပဲ ပြောပါတော့။ ဝယ်သူများလွန်းလို့ ပစ္စည်းတောင်မရှိဘူး။ ဝယ်ချင်ရင် ရက်ချိန်းကြိုပေး ဝယ်နေရတယ်။ စျေးကွက်က Demand တအားများနေတယ်” ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။

အလားတူ ဒေါ်လာစျေးကွက်တွင်လည်း အမေရိကန်ဒေါ်လာတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ငွေကျပ် ၃၃၇၀ နှင့် ၃၄၂၀ အကြား စျေးပေါက်လျက်ရှိကြောင်း၊ လက်ရှိ ဆောင့်တက်မသွားခြင်းမှာ စစ်တပ်ဘက်က ဖိအားများကြောင့် ဒေါ်လာ ဝယ်ရောင်းအများစု အခြေအနေကို စောင့်ကြည့်နေကြကြောင်း၊ စောင့်ကြည့်နေသည့်အချိန်အတွင်းမှာပင် တအိအိ ဒေါ်လာစျေးတက်နေခြင်းဖြစ်သည်ဟု ဒေါ်လာလက်ကြီးသမားတစ်ဦးက ပြောသည်။

“ဗဟိုဘဏ်က အရေးယူမယ်ဆိုပြီး စာထုတ်ထားတာတော့ တချို့တွေ ခဏ အရောင်းအဝယ်ရပ်ထားကြတယ်။ အခြေအနေစောင့်ကြည့်တာပေါ့။ ဒါပေမယ့် စျေးက မကျသွားဘူး။ တအိအိလေး တက်နေတာ။ အားလုံး အင်အားပြည့် ပြန်လည်ပတ်ရင် တစ်ဒေါ်လာကို ၃၅၀၀ ၊ ၄၀၀၀ တို့က ခဏလေးအတွင်းမှာ ရောက်တယ်။ အခုက ဖမ်းမယ် ဆီးမယ်လို့ ခြိမ်းခြောက်တော့ ငြိမ်နေကြရတာ။ ဝယ်လိုအားများတယ်။ ပစ္စည်းမရှိဘူး။ နယ်စပ်တွေမှာလည်း ဘတ်စျေး၊ ယွမ် စျေးတွေတက်တယ်။ အဝေးတွေလည်း တက်တယ်။ ဒေါ်လာစျေးကအတက်ပါပဲ။ ကျစရာမှ အကြောင်းမရှိတာ” ဟု ဒေါ်လာလက်ကြီးသမားက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article