32 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ကျူးကျော်ထားသော အကြမ်းဖက်စစ်တပ်ကို KNLA က တိုက်ခိုက်ရာ ၄ ဦးသေဆုံး၊ စစ်တပ်၏ ရိက္ခာလာပို့သော ရဟတ်ယာဉ် ၁ စီး စက်သေနတ်ဖြင့် ပစ်ခံရ

Must read

ရန်ကုန်၊ သြဂုတ် ၃၀

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ ၅၊ မူတြော် (ဖာပွန်) ခရိုင်အတွင်း ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးသွားကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၈ ရက်၊ နံနက် ၉ နာရီခန့်တွင် ဖာပွန်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်၏ မယားကုန်းစခန်းကို ခြုံခိုပစ်ခတ်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း KNLA တပ်ရင်း ၁၅ အရာရှိတစ်ဦးက ပြောသည်။

ဒွယ်လိုးမြို့နယ်၊ လှဂွန်းပျိုအခြေစိုက် စစ်ကောင်စီစခန်းကို ဩဂုတ်လ ၂၈ ရက်၊ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် KNLA တပ်ရင်း ၁၀၂ တပ်ဖွဲ့ဝင်များ ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း၊ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ဖာပွန်မြို့တွင်း ကင်းပုန်းဝပ်နေသော စစ်သားများကို ထပ်မံတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း၊ တိုက်ခိုက်မှုများတွင် KNLA ဘက်မှ ထိခိုက်မှု မရှိကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ထို့ပြင် ဩဂုတ်လ ၂၈ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မဲဝိုင်ဒေသရှိ စစ်တပ်စခန်းကို ရဟတ်ယာဉ် ၂ စီးဖြင့် လက်နက်ခဲယမ်း၊ ရိက္ခာများလာပို့ကြောင်း ရဟတ်ယာဉ် ၁ စီးကို KNLA တပ်ဖွဲ့များက စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ BGF များသည် အများပြည်သူနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ရာ ကလေးငယ် ၁ ဦး ဒဏ်ရာရပြီး နေအိမ်ပျက်စီးမှုများ ရှိကြောင်း၊ BGF တပ်ဖွဲ့များသည် အများပြည်သူနေထိုင်ရာ ကျေးရွာနှင့် လယ်ယာလုပ်ကွက်များအတွင်းသို့ တစ်ရက်လျှင် လက်နက်ကြီးဖြင့် ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပစ်ခတ်ရမည်ဟု BGF ၁၀၁၄ တပ်ရင်းမှူး ဗိုလ်မောင်ချစ်က အမိန့်ပေးထားကြောင်း မူတြော်သတင်းစဉ်က ဖော်ပြသည်။

ဩဂုတ်လ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် ဒွယ်လိုးမြို့နယ်၊ နေပူကန်ရွာအတွင်းသို့ BGF တပ်ရင်း ၁၀၁၄ က လက်နက်ကြီး ၄ လုံး ပစ်ခတ်ရာ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၂၆ ရက်ညနေတွင်လည်း မယ့်ကနော်နှင့် ကျောပါးမကွီးခိုကျေးရွာကြားတွင် BGF တပ်ရင်း ၁၀၁၄ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ BGF များသည် မူတြော်ခရိုင်အတွင်း ကျူးကျော်တပ်စွဲကာ အများပြည်သူနေထိုင်ရာ ကျေးရွာလုပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေသလို အခြား လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျှက်ရှိကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article