32 C
Yangon

ကနီ၊ ဝါးတန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃၀ ဦးခန့် ထိခိုက်သေဆုံး၊ ထားဝယ်-လောင်းလုံးတွင် စစ်တပ်ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ ထိခိုက် သေဆုံးမှုများရှိ

Must read

ရန်ကုန်၊ သြဂုတ် ၃၀

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝါးတန်းရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃၀ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၄ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၂၀၀ ကျော်ခန့် ပါဝင်ပြီး သပြေတောရွာ အနောက်ဘက်တွင် ပဒေသားမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃၀ ကျော်ခန့် ထိခိုက်သေဆုံးခဲ့ကာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း ၄၊ Monywa Nightkhing PDF တပ်ခွဲ ၃၊ B21 KaniPDFနှင့် ဗိုလ်ရေခဲတို့က ဦးဆောင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်-လောင်းလုံး လမ်းပိုင်းတွင် သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်၌ ထားဝယ်ဘက်မှ လောင်းလုံးသို့ ဆင်းလာသည် စစ်တပ်ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် Dawei Information Center ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းတွင် စစ်ကား ၃ စီးပါဝင်ပြီး ထားဝယ် ပြည်သူ့ကာကွယ်ရေးဖွဲ့ DDT တပ်ခွဲ ၃ မှ ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ စစ်သားများ ထိခိုက်သေဆုံးမှု များနိုင်ပြီး ဒဏ်ရာရရှိသော စစ်သားများကို အရေးပေါ် လူနာတင်ယာဥ်နှင့် ထားဝယ်တပ်နယ် ဆေးရုံသို့ အကြမ်းဖက် စစ်တပ်က ညတွင်းချင်း ပို့ဆောင်ခဲ့ကြောင်း DDT အဖွဲ့ကတည်ပြုပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article