ရန်ကုန်၊ ဩဂုတ် ၃၀
နေပြည်တော်၊ ငြိမ်းချမ်းရေးဗဟိုစင်တာ NRPC ရှေ့တွင် ဗုံးတစ်လုံး စစ်တပ်က သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်လာပြီး အဆိုပါဗုံးမှာ နည်းပညာချို့ယွင်းမှုကြောင့် မပေါက်ကွဲခဲ့သော ဗုံးဖြစ်ကြောင်း စစ်တောင်းမြို့ပြ ပျောက်ကျားအဖွဲ့(နေပြည်တော်)၏ တာဝန်ရှိသူ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ ဇဗ္မူသီရိမြိုနယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံးရှေ့တွင် မပေါက်ကွဲသေးသော ဗုံးကို စစ်တပ်က သိမ်းဆည်းရမိသွားခြင်းဖြစ်ကြောင်း၊ ဗုံးမှာ TNT ယမ်းဖြင့် ပြုလုပ်ထားသော အဝေးထိန်းမိုင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်တပ်ရဲ့ ဆက်သွယ်ရေးတာဝါတိုင်ကို ခွဲမယ်ဆိုပြီး လုပ်တာ။ ဒါပေမယ့် တိုင်မှာ ထားတဲ့ဟာက အဝေးထိန်းစနစ် Error တက်သွားတယ်။ အဲဒါကြောင့် ပြန်ယူဖို့ ကြိုးစားသေးတယ်။ မိုင်း နှစ်လုံးကို ပြန်ယူဖို့ စီစဉ်နေတဲ့အချိန်မှာပဲ ဒုတိယအလုံး ကို မြက်ရိတ်သမားက တွေ့သွားတယ်။ ကင်းထောက်နေတဲ့အချိန်မှာပဲ စစ်တပ်က ရောက်နေတာ။ ပထမအလုံး ခွဲမယ်။ သူတို့ စစ်ခွေးတွေ လုံခြုံရေးလာတဲ့အချိန်မှာ ဒုတိယအလုံး ထပ်ခွဲမယ်ဆိုပြီး ပြင်ထားတာ” ဟု
ဗိုလ်လရောင်က ပြောဆိုသည်။
နေပြည်တော်အခြေစိုက် တော်လှန်ရေးအဖွဲ့တချို့က များမကြာမီ စစ်တပ်၏ ထောက်တိုင်များနှင့် စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
အလားတူ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဈေးချိုတိုက်နယ် လမ်းငါးခွဆုံအနီးရှိ အကြမ်းဖက်စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာများ ရောင်းချနေသော Daniel ဘီယာဆိုင်ကို ဩဂုတ်လ ၂၈ ရက် ညနေတွင် ပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Truth Keeping Force – Amarapura အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ်လ ၂၈ ရက် ညနေ ၅ နာရီ ၃၅ မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘီယာဆိုင်တွင် ထိုင်နေသော စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ကားမှာ ပျောက်ကွဲပျက်စီးသွားကြောင်း Truth Keeping Force အဖွဲ့က သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဈေးချိုတိုက်နယ် လမ်းငါးခွဆုံအနီးရှိ အကြမ်းဖက်စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာများ ရောင်းချနေသော Daniel ဘီယာဆိုင် ဗုံးခွဲခံထားရစဉ်။
