28 C
Yangon

NUCC ဘာလဲ ဘယ်လဲ (သို့မဟုတ်) NUCC က ဘာကြောင့် အားကောင်း မလာရတာလဲ

Must read

By လမ်းသစ်

NUCC ဟု အတိုခေါက် ခေါ်ဆိုနေကြသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ ပထမဆုံးသော ပြည်သူ့ညီလာခံကို ၂၀၂၂ ဇန်နဝါရီလက ကျင်းပခဲ့သည်။ အစုအဖွဲ့ ၅ ဖွဲ့ကို ကိုယ်စားပြုသော အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့နှင့် တည်ဆောက်ထားသည်ဆိုသည့် NUCC တွင် အဆင့် ၁၂ ဆင့်ပါ လမ်းပြမြေပုံဖြင့် လုပ်ငန်းများကို အကောင်အထည် ဖော်လျက်ရှိပြီး၊ ၆လလျှင် ၁ကြိမ် ခေါ်ယူသော ပြည်သူ့ညီလာခံက NUCC ရေးဆွဲချမှတ် အကောင်အထည်ဖော်မည့်/နေသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အတည်ပြုပေးမည်ဟု သိရသည်။

သို့သော် ပထမအကြိမ် ပြည်သူ့ညီလာခံ ကျင်းပပြီးစီးခဲ့အပြီး ၆လကျော် ၇လအတွင်း ဝင်ရောက်လာသော်လည်း ယနေ့အချိန်ထိ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကျင်းပမည့်သတင်း စိုးစဥ်းမှမကြားရ။ အထူးသဖြင့် ပြည်သူတစ်ယောက်အနေနှင့် NUCC နှင့်ပတ်သတ်သည့် သတင်းများ ရယူသိရှိရန်မှာ ယခင်အတိုင်းပင် ခက်ခဲဆဲ နက်နဲနေဆဲပင်..။ ဒီကြားထဲတွင်မှ ပြီးခဲ့သည့်လပိုင်းများအတွင်း NUCC စုဖွဲ့မှုမှ NLD ပါတီ နှင့် ကချင်နိုင်ငံရေး ကြားကာလ ညှို့နှိုင်းရေးအဖွဲ့ (KPICT) အဖွဲ့များ နှုတ်ထွက်မှုများက NUCC အပေါ် စိုးရိမ်မှုများ မြင့်တက်လာစေသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာစစ်တပ်သည် အတိုက်အခံ တော်လှန်ရေး အုပ်စုများအပေါ် ရှုံးနိုမ့်နိုင်သည် ဟူသော အယူအဆများ ပိုမိုအားကောင်းလာမှုနှင့် စစ်ကောင်စီ၏ ပြည်သူများအပေါ် လက်လွတ်စပယ် ဖိနိုပ်သတ်ဖြတ်နေမှုများကို ကမ္ဘာက ပိုမို နားလည်သိရှိလာခြင်းနှင့်အတူ အာဆီယံနိုင်ငံတချို့အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့က NUG နှင့် NUCC အပေါ် ပိုမိုအသိအမှတ်ပြု ချဥ်းကပ်ဆက်ဆံလိုမှုများ ယခုလပိုင်းများအတွင်း မြင့်တက်လာနေသည်။

ထိုသို့သောအချိန်မျိုးတွင် NUCC အနေဖြင့် ပေါ်ထွက်လာသည့် အခွင့်အရေး/ အခြေအနေ များအပေါ် အသုံးချနိုင်စွမ်း သို့တည်းမဟုတ် အသုံးချရန် အဆင်သင့် ဖြစ်နေမှု ရှိ/ မရှိ ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်၍လာသည်။

အထူးသဖြင့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ပြင်ဆင်နေမှု အပါအဝင် NUCC ၏ လက်ရှိအခြေအနေနှင့် လုပ်ငန်းအကောင်အထည်ဖော်နေမှုများနှင့် ပတ်သတ်သော အကြောင်းအရာများကို အဖွဲ့တွင်း လပေါင်းများစွာ အတိုက်အခံပြုပြီး ခက်ခက်ခဲခဲ ဖွင့်ထားရသည့် ၄င်း(NUCC) ၏ Facebook/ Website များတွင်ပင် မတွေ့ရလေတော့…. မေးခွန်းများ ရှိ၍လာသည်။

“NUCC ဘာလဲ ? ဘယ်လဲ ?” ဟူ၍ ဖြစ်သည်။

NUCC ၏လက်ရှိအခြေအနေနှင့် လုပ်ငန်းအကောင်အထည်ဖော်မှုများနှင့် ပတ်သတ်၍ သာမန်လူ မဆိုထားနှင့်၊ NUCC နှင့် နီးစပ်သူတချို့ကို မေးလျှင်ပင် အဖြေက ရေရာသေချာခြင်း မရှိ။ တချို့သော နီးစပ်သူတချို့၏ ပြောဆိုချက်အရ သိရသည်ကား … NUCC ၏ လက်ရှိလုပ်ဆောင်ချက်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြင်ပသို့ ထုတ်ဖော်ပြောဆိုခြင်းကို ခွင့်ပြုမထား ဆိုသည့်အချက်။ ဆိုသည်ကား လက်ခံဖွယ်ရာ မရှိသော အချက်တခု …။

ဤနေရာတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့် ရုရှနှင့် စစ်ဖြစ်နေလင့်ကစား သတင်းအချက်အလက်များ စဥ်ဆက်မပြတ်ထုတ်ပြန်ကာ၊ အဆိုပါသတင်းအချက်အလက် (information) များကိုပင် မဟာဗျူဟာကျကျ လက်နက်သဖွယ် ထိထိရောက်ရောက် အသုံးချနေသော ယူကရိန်းသမ္မတ ဇီလန်းစကီးကို အမှတ်ရဖွယ် ဖြစ်သည်။

ဆိုလိုသည်မှာ လက်နက်ကိုင်တော်လှန်ရေးနှင့် ပတ်သတ်သည့် အကဲဆတ်သော အချက်များအပါအဝင် လက်ရှိဆွေးနွေးဆဲ ဖြစ်စဥ်များမှ အသေးစိတ်အချက်အလက်များကို လျွို့ဝှက်ထားပေးရမည်ဆိုသည်မှာ လက်ခံဖွယ်ရာ ဖြစ်သော်လည်း၊ လက်ရှိ NUCC လုပ်ကိုင်နေသည့် လုပ်ငန်းစဥ်များနှင့်ပတ်သတ်၍ ထိရှလွယ်လွန်းသော ကိစ္စများမှအပ ကျန်ရှိသော လုပ်ငန်းအကောင်အထည်ဖော်နေမှုများကို ပြည်သူများအား ပြန်လည်တင်ပြရန်မူ NUCC အနေနှင့် တာဝန်ရှိရမည်သာ ဖြစ်သည်။ ထို့ကြောင့် လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြည်သူများ သိသင့် သိအပ်သည့် သတင်းအချက်အလက်များကို ထိမ်ချန်ထားခြင်းပေလား တနည်း right to information ကို ရည်ရွယ်ချက်ရှိရှိ အပိုင်စီးထားခြင်းလေလား ဆိုသည်မှာလည်း မေးခွန်းထုတ်ဖွယ်ရာ ရှိနေသည်။

သို့မဟုတ်ပါက အဆိုပါ ပွင့်လင်းမြင်သာမှု မရှိသောကိစ္စသည် အတွင်းတွင် လှိုက်စား၍ ကုရခက်သည့် ရောဂါသဖွယ်ဖြစ်ပြီး NUCC အားကောင်းရာ အားကောင်းကြောင်း ပြောဆိုဆွေးနွေးမှုများ ဖြစ်ပေါ်စေမှုအား အဟန့်အတား ဖြစ်စေမည်ဖြစ်သည်။ တနည်းအားဖြင့် အဖွဲ့အတွင်း မဖြစ်မနေ ဖြေရှင်းရမည့် အခြေအနေများသည် အဂတိကြောင့် ဖွင့်ချပြ၍ မရသည့် မြစ်ဆုံရေကာတာစီမံကိန်း စာချုပ်ပမာ ဖြေရှင်း၍မရပဲ လိပ်ခဲတင်းလည်း ဖြစ်နေပေလိမ့်မည်။

အခြားတဖက်တွင်လည်း NUCC စုဖွဲ့မှုတွင် အရပ်ဘက်အဖွဲ့အစည်းနှင့် CDM ဦးဆောင်သူများ ပါဝင်နေမှုအပေါ် ဝေဖန်ထားသည့် NLD ပါတီ ဗဟိုသုသေသနအဖွဲ့မှ အဖွဲ့တွင်း ကန့်သတ်ထုတ်ဝေခဲ့သော စာတမ်းတစောင် ပြီးခဲ့သည့် လပိုင်းများအတွင်း ပြင်ပသို့ ပေါက်ကြားခဲ့သည်ကို တွေ့ရသည်။

အဆိုပါစာတမ်း ပေါက်ကြားမှုနှင့်အတူ NLD ပါတီနှင့် နီးစပ်မှုရှိသူတချို့၏ လူမှုစာမျက်နှာများတွင် NUCC အတွင်း အရပ်ဘက်အဖွဲ့အစည်းများ ဖောင်းပွနေ၍ ဆုံးဖြတ်ချက်ချရာတွင် ရှေ့ဆက်တိုး၍ မရသယောင် ပြောဆိုနေမှုများ တွေ့လာရသလို NUCC ၏ စုပေါင်းခေါင်းဆောင်မှု အယူအဆအပေါ် အလုပ်မဖြစ်သည့်သဖွယ် ပြောဆိုရေးသား လာသည်များကိုလည်း တွေ့ရသည်။

အထူးသဖြင့် NLD ပါတီ ဗဟိုသုသေသနအဖွဲ့၏ စာတမ်းအတွင်း NUCC ၏ တရားဝင်မှု (Legitimacy) အပေါ် မေးခွန်းများစွာ ထုတ်ထားခြင်းက NLD ပါတီ၏ NUCC အပေါ်ထားသော သဘောထားကို ထင်ဟက်နေသကဲ့သို့ ဖြစ်၍နေသည်။

အဆိုပါ စာတမ်းပေါက်ကြားပြီး NLD လော်ဘီတချို့၏ လူမှုစာမျက်နှာများတွင် ၂၀၀၈ ခြေဥအောက် ပြန်သွားမည့် စုရွေးလွှတ် ဆိုသည့်အသံများ ကျယ်လောင်လာသလို၊ မရှေးမနှောင်းပင် NLD ပါတီက NUCC မှ နှုတ်ထွက်ပြီး ဆက်ဆံရေးကို မိတ်ဖက်အဖြစ် လျော့ချခဲ့သည်။ အဆိုပါ NLD ပါတီ၏ နှုတ်ထွက်မှုတွင် မေးခွန်းများစွာ ကျန်ခဲ့စေသည်။

အဘယ်ကြောင့် NLD ပါတီသည် အာဏာရှင်ကို တွန်းလှန်မည့် မြန်မာ့သမိုင်းတွင် မရှိခဲ့ဖူးသည့် အမြင့်ဆုံးသော စုဖွဲ့မှုကြီး ဖြစ်သည့် NUCC က နှုတ်ထွက်ခဲ့ပါသနည်း …။

NLD ပါတီနှုတ်ထွက်မှုနှင့် ပတ်သတ်၍ ပါတီခေါင်းဆောင်ပိုင်းမှ ပြန်လည်ရှင်းလင်းခဲ့သော အချက်ဖြစ်သည့် “ပါတီ၏ CEC အများစု အဖမ်းခံထားရ၍ ပါတီ၏မူဝါဒကိစ္စများ မဆုံးဖြတ်နိုင်” ဆိုသည့်အချက်သည်လည်း တဗိုလ်ဆင်း တဗိုလ်တက် အာဏာရှင်ကိုအပြတ်တိုက်ရမည့် အချိန်မျိုးတွင် ပါတီ၏ ခေါင်းဆောင်မှုအပိုင်းတွင် ပြတ်သားမှု မရှိကြောင်းကို ပြသရာရောက်နေသလို၊ တော်လှန်ရေးကာလ တနှစ်ခွဲခန့် ကြာမြင့်လာပြီဖြစ်သော လက်ရှိအချိန်ထိ ပါတီအနေနှင့် မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ မချမှတ်နိုင်ဆိုသည့် ပြောဆိုချက်မှာလည်း ကျိုးကြောင်းဆီလျှော်မှု အားနည်းလျက်ရှိသည်ကို တွေ့ရသည်။

ဤနေရာတွင် NLD ပါတီ၏ အကြောင်းကို ပြောရခြင်းမှာ NUCC မှ NLD ပါတီ နှုတ်ထွက်ခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟူသော နိုင်ငံရေး ရည်မှန်းချက်အပေါ် ကြီးမားစွာ ရိုက်ခတ်စေနိုင်သောကြောင့် ဖြစ်သည်။ NUCC တွင် NLD ပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် စုဖွဲ့ထားသည့် CRPH ဆက်လက်ပါဝင်နေသည်ဟု ဆင်ခြေပေးနိုင်ဖွယ် ရှိသော်လည်း CRPH နှင့် NUG တို့ကို NLD ပါတီ၏ အသုံးချခံ အစုအဖွဲ့ များအဖြစ်သာ ရှုမြင်သုံးသပ်မှုများလည်း ရှိနေပြန်သည်။

ဤသည်ကို NLD ပါတီ၏ ဗဟိုသုသေသနစာတမ်းတွင် ထပ်ခါထပ်ခါ ဖော်ပြထားသည့် “NUG နှင့် CRPH တို့သည်လည်း ပါတီ၏ ကိုယ်ပွားအဖွဲ့အစည်းများ ဖြစ်သည့်အတွက် …..” ဆိုသည့်စာပိုဒ်က တိုက်ရိုက်ညွှန်းဆိုနေသည်။ ဆိုလိုသည်မှာ CRPH NUG ဟုဆိုလင့်ကစား တကယ့်နိုင်ငံရေး ဆုံးဖြတ်ချက်များကို NLD ပါတီကသာ ချုပ်ကိုင်ထားသည်ကို လက်ရှိမြင်တွေ့နေရသော အချက်အလက်များနှင့် NLD ပါတီ ဗဟိုသုသေသနအဖွဲ့ စာတမ်းပါ အချက်အလက်များက ညွှန်းဆိုပြသရာ ရောက်နေခြင်းဖြစ်သည်။

ထို့ကြောင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သော NUCC စုဖွဲ့မှုမှ NLD ပါတီနှုတ်ထွက်ခဲ့ခြင်းသည် NLD ပါတီ၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုအပေါ် သဘောထားကို မေးခွန်းထုတ်စရာ ရှိလာသလို၊ ယခင် NLD အစိုးရသက်တမ်းအတွင်း ဖြစ်ပွားခဲ့သော မွန်ပြည်နယ် ချောင်းဆုံတံတားကိစ္စ၊ ကရင်နီပြည်နယ် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိစ္စနှင့် မန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ တိုင်းရင်းသားအရေးအပေါ် မှတ်ချက်ပေးခဲ့သည့်ကိစ္စ များကို ပြန်လည်အမှတ်ရစေသည်။

မြန်မာသမိုင်းတလျောက် တော်လှန်ရေးအဖွဲ့များ စုဖွဲ့ထားနိုင်မှုအရှိဆုံး ဟု ဆိုနိုင်သည့် NUCC သည် သက်တမ်းကာလအားဖြင့်လည်း နုနယ်သည့်အ‌‌လျှောက် ခိုင်မာအားကောင်းမှုအရာတွင် အားနည်းမှုများ ရှိနေနိုင်သည်မှာ သဘာဝကျပေသည်။ သို့သော် NLD ပါတီအနေနှင့် NUCC စုဖွဲ့မှု ပိုမိုအားကောင်းစေရန် အဘယ်ကြောင့် မကြိုးပမ်းခဲ့သနည်း (သို့တည်းမဟုတ်) NUCC အား ပိုမိုအားကောင်းစေရန် ၄င်း၏အရင်းအမြစ်များကို အသုံးချ မြှင့်တင်ရမည့်အစား၊ အဘယ်ကြောင့် NUCC မှ နှုတ်ထွက်ခဲ့သနည်း ဆိုသည့်မေးခွန်းကိုလည်း ဆက်လက်ဖြစ်ပေါ်စေသည်။

အခြားတဖက်တွင်လည်း စစ်ကောင်စီက NUG နှင့် CRPH တို့အား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေငြာထားရာ၊ NLD ပါတီအနေဖြင့် အာဏာရှင်ဖြုတ်ချရေးကို အဆုံးထိတိုက်ပွဲဝင်သွားမည် ဆိုသည်ထက် နိုင်ငံရေး အတိုးအလျော့ ပြုလုပ်ရန် ပိုမိုရည်ရွယ်လျက် NUCC မှ နှုတ်ထွက်ခြင်း ဖြစ်နိုင်သည်ဟူသော ယူဆချက်များကိုလည်း ပိုမိုအားကောင်းလာစေခဲ့သည်။

မည်သို့ပင်ဖြစ်စေ NUCC မှ NLD ပါတီနှုတ်ထွက်ခြင်းသည် NUCC ၏ စုဖွဲ့မှုကို ထိခိုက်စေသည့်အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင်ပါ အနှုတ်လက္ခဏာကို ဆောင်စေခဲ့သည်။

အလားတူ ပြီးခဲ့တဲ့လပိုင်းအတွင်း NUCC မှ ကချင်နိုင်ငံရေး ကြားကာလ ညှို့နှိုင်းရေးအဖွဲ့ (KPICT) နှုတ်ထွက်မှုကလည်း NUCC စုဖွဲ့မှုအပေါ် ထပ်မံထိုးနှက်လိုက်သဖွယ် ဖြစ်စေသည်။ KPICT နှုတ်ထွက်မှုတွင် ပြည်ထောင်ဆိုသည့် ဝေါဟာရ၊ ၊ ကြားကာလအခြေခံဥပဒေနှင့် ပြည်နယ်ယူနစ် စသည့် ဖက်ဒရယ်ရေးရာကိစ္စများနှင့်လည်း ဆက်စပ်ဖွယ်ရာ ရှိနေသည်။

အထူးသဖြင့် KPICT နှုတ်ထွက်မှုနှင့်ဆက်စပ်၍ သတိပြုဖွယ်ရာအချက်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည့် အခြေခံအုတ်မြစ်များကို ယခုလို တော်လှန်ရေးကာလအတွင်း ဆွေးနွေးသဘောတူ အာမခံနိုင်မှသာ … စစ်အာဏာရှင်အဆက်ဆက်နဲ့ ဗမာနိုင်ငံရေးသမားတချို့ ပြောဆိုလေ့ရှိသည့် “ပြည်ထောင်စု” ဆိုသည်ကို အယုံအကြည် မရှိကြတော့သော တိုင်းရင်းသားလူမျိုးစုများအား နိုင်ငံရေး အာမခံချက် ပေးရာရောက်မည်ဖြစ်ပြီး၊ ၄င်းတို့အနေနှင့်လည်း လက်ရှိတော်လှန်ရေးတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိလာမည် ဆိုသည့်အချက်ပင် ဖြစ်သည်။။

အထူးသဖြင့် လက်ရှိခေါင်းဆောင်တချို့ပြောနေကြသည့် “စစ်ကောင်စီဖြုတ်ချရေးကို အရင်လက်တွဲလုပ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ယူနစ် အပါအဝင် ဖက်ဒရယ်ရေးရာတွေကို စစ်ကောင်စီကို နိုင်ပြီးမှ ဆက်လုပ်” ဆိုသည့် သဘောထားမျိုးနှင့်တော့ တိုင်းပြည်၏ လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ငြိမ်းသတ်နိုင်မည် မဟုတ်ပေ။ လက်ရှိအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ပြုတ်ကျသွားစေအုန်းတော့…ပဋိပက္ခများ အဆုံးမသတ်နိုင်ပဲ နိုင်ငံတည်ဆောက်ရေးဆိုင်ရာများတွင် သဘောတူညီချက်များ မရှိသေးသည့် လက်နက်အစုံအလင် ကိုင်ဆောင်ထားကြသော အဖွဲ့များအကြား ပြည်တွင်းစစ်မီးက ချိန်ကိုက်ဗုံးသဖွယ် အချိန်မရွေး ပြန်လည်တောက်လောင်သွားမည့် အနေအထား ဆိုက်ရောက်မည်သာ ဖြစ်သည်။

ထို့ကြောင့် တော်လှန်‌ရေးကို ဦးဆောင်နေသူတချို့အနေနှင့် မနက်ဖြန် သန်ဖက်ခါ မြို့သိမ်းတိုက်ပွဲများ ပြုလုပ်တော့မည့်သဖွယ်၊ တော်လှန်ရေးကြီး ပြီးတော့မည့်သဖွယ် မျှော်လင့်ချက်အမှားများ ပေးခြင်းမျိုးထက် မြန်မာပြည်အနှံ့အပြားက တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၏ အင်အားကို စည်းရုံးစုစည်းပြီး စစ်အာဏာရှင်ကို မဟာဗျူဟာကျကျ ပူးပေါင်းတော်လှန်ခြင်းက ပို၍ လက်တွေ့ကျမည်ဖြစ်သည်။

ထို့အတူ ထိုသို့လက်ရှိတော်လှန်ရေးအတွင်း တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ တင်းပြည့်ကျပ်ပြည့် ပါဝင်လာနိုင်စေရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုအတွင်း ၄င်းတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ကို ကြားကာလ အခြေခံဥပဒေကဲ့သို့သော ခိုင်မာသည့် ဥပဒေတစ်ရပ်ဖြင့် အာမခံပေးရန် လိုအပ်လာမည်ဖြစ်သည်။

ဖက်ဒရယ်ပြည်နယ်ယူနစ်အရေးနှင့် အခြေခံဥပဒေအတည်ပြုခြင်း ကိစ္စများအပါအဝင် ဖက်ဒရယ်ပြည်ထောင်များနှင့် ပတ်သတ်သည်များတွင် လူများစု ကြီးစိုးချယ်လှယ်မှု မရှိစေနိုင်သည့်၊ တန်းတူ အခွင့်အရေးနှင့်ဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌါန်းခွင့် တို့အတွက် အာမခံသော နိုင်ငံရေးဂတိဂဝတ်များကို ကြားကာလအခြေခံဥပဒေမျိုးတွင် ရေးဆွဲအတည်ပြု အကောင်အထည်ဖော်ရန် လိုအပ်မည်လည်း ဖြစ်သည်။

ထို့ကြောင့် ထိုသို့တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ အပါအဝင် တော်လှန်ရေးအုပ်စုများ ဘုံသဘောတူညီချက်ဖြင့် အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး လမ်းကြောင်းကို ပြတ်ပြတ်သားသား လျောက်လှမ်းမည်ဆိုလျှင် လက်ရှိ မတူကွဲပြားသော နိုင်ငံရေးအင်အားစုများနှင့် စုဖွဲ့ထားသည့် NUCC ပလက်ဖောင်းသည် တခုတည်းသော ရွေးချယ်စရာလမ်းကြောင်း ဖြစ်လာပေလိမ့်မည်။

NUCC အနေနှင့်လည်း ၄င်း၏စုဖွဲ့မှုမှတဆင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မတူကွဲပြားသည့် နိုင်ငံရေးအင်အားစုများအကြား နိုင်ငံရေး သဘောတူညီချက်များ ရယူနိုင်ကြောင်း ပြသနိုင်ပါက၊ ၄င်းသည် လက်ရှိနိုင်ငံရေးအတွက် အဖြေတခုဖြစ်လာမည် ဖြစ်သလို၊ နိုင်ငံတကာ၏ ရပ်တည်မှုချိန်ခွင်လွှာသည် ကိုယ့်ဘက်သို့ သိသိသာသာ ယိင်းယိုင်လာမည် ဖြစ်သည်။

လက်ရှိမြန်မာ့အရေးကို ကမ္ဘာ့ရေးရာများနှင့် ချိပ်ဆက်ကြည့်မည်ဆိုလျှင်လည်း တကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည့် ရုရှ၏ ယူကရိန်းကျူးကျော်စစ်ကြောင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာပြည်သူတို့၏ စစ်အာဏာရှင် တော်လှန်ရေးမှာ မှေးမှိန်ခဲ့ရသည်။ သို့သော် မြန်မာပြည်သူတို့၏ ပြောင်မြောက်သည့် ခုခံစစ်နှင့် စစ်အာဏာရှင်၏ ပြည်သူများအပေါ် လက်လွတ်စပယ် ဖိနှိပ်သတ်ဖျက် အနိုင်ကျင့်မှုများကို ကမ္ဘာက ပိုမိုသိရှိလက်ခံလာမှုနှင့်အတူ NUG နှင့် NUCC တို့နှင့် အသိအမှတ်ပြု ဆက်ဆံရေးထူထောင်သင့်သည် ဆိုသည့် ယူဆချက်များ အားကောင်းလာသည်ကို နိုင်ငံအချို့တွေ တွေ့မြင်နေရပြီဖြစ်သည်။

အထူးသဖြင့် ယူကရိန်းအရေး အရှိန်မြင့်နေစဥ်ကလအတွင်း မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် သတင်းများ နိုင်ငံတကာမီဒီယာများတွင် မြင်တွေ့ရန် အလွန်ခက်ခဲခဲ့သော်လည်း၊ လက်ရှိအချိန်တွင် မြန်မာ့အရေးကို နိုင်ငံတကာရှိ ဩဇာတိက္ကမကြီးမားသည့် မီဒီယာများတွင် နေ့စဥ်နှင့်အမျှ တွေ့မြင်လာရသလို၊ NUCC နှင့် NUG တို့ကို အသိအမှတ်ပြု ဆက်ဆံရေးထူထောင်ရန် တိုက်တွန်းသော ဆောင်းပါးများကိုလည်း အင်အားကြီးနိုင်ငံတချို့၏ နိုင်ငံရေးပေါ်လစီများကို ထင်ဟက်စေသည့် နိုင်ငံတကာမီဒီယာများတွင် မကြာခဏ တွေ့မြင်လာရပြီ ဖြစ်သည်။

အချုပ်အားဖြင့် ယခုအချိန်သည် အညာဒေသအပါအဝင် တော်လှန်ရေး စစ်မျက်နှာအသီးသီးတွင် ဆင်နွဲနေသော ခုခံစစ်များ အားကောင်းလာမှု၊ မြန်မာ့အရေးအပေါ် နိုင်ငံတကာ၏ စိတ်ဝင်စားမှုများ ပြန်လည်မြင့်တက်လာမှု များနှင့်အတူ လက်ရှိတော်လှန်ရေးကို ခုခံစစ်မှ တိုက်စစ်သို့ ချိန်သားကိုက် မြှင့်တင်ရမည့် အချိန်ပင်ဖြစ်သည်။

ထို့ကြောင့် NUCC အနေနှင့် လက်ရှိအဖွဲ့အတွင်း ပွင့်လင်းမြင်သာမှု မရှိမှုနှင့် အဖွဲ့ဝင်တချို့ နှုတ်ထွက်မှု များအပေါ် ရေငုံနှုတ်ပိတ်နေခြင်းမျိုးထက် နွေဦးတော်လှန်ရေးရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် နိုင်ငံရေးအရ တိုင်းပြည်၏ အမြင့်ဆုံး စုဖွဲ့မှုအဖြစ် သတ်မှတ်ထားသော NUCC အဖွဲ့ကြီးအား အားကောင်းမောင်းသန် ဖြစ်လာစေရေး၊ နှုတ်ထွက်သွားသော အဖွဲ့များအပါအဝင် အခြားပါဝင်ခြင်း မရှိသေးသည့် ပါဝင်သင့် ပါဝင်ထိုက်သော အဖွဲ့များ ပါဝင်လာရေး၊ စုဖွဲ့မှု ကျစ်လစ်ခိုင်မာရေး တို့အတွက် ပွင့်လင်းဖြင်သာစွာဖြင့် ဝိုင်းဝန်းအဖြေရှာ လုပ်ဆောင်သင့်ကြောင်း တင်ပြလိုက်ရပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article