36 C
Yangon

စစ်ကောင်စီ၏ တလွဲတချော် စီမံခန့်ခွဲမှုများနှင့်အတူ နိုင်ငံရေးသော့ချက်ရှာရင်း တန်ဖိုးထိုးကျနေသည့် မြန်မာကျပ်ငွေ

Must read

By ခိုင်ဝင်း

ကျပ်ငွေတန်ဖိုး လျင်မြန်စွာကျဆင်းနေမှုကို တားဆီးရန်သော်လည်းကောင်း၊ ငွေအရင်းအနှီးများ ပြည်ပသို့ စီးထွက်မှုများပြားလာခြင်းနှင့် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာခြင်းတို့ကြောင့် အခြေအနေပိုမို ဆိုးဝါးလာသည့် ပြည်ပငွေပေး ငွေယူရှင်းတမ်း အခြေအနေကို ထိန်းသိမ်းရန် သော်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(CBM)၏ အရေးယူဆောင်ရွက်မှုများမှာ အောင်မြင်မှုမရရှိခဲ့ပေ။ နိုင်ငံခြားချေးငွေနှင့် လှူတမ်းမှုများ ရပ်ဆိုင်းသွားခြင်းကလည်း မြန်မာ့ဘဏ္ဍာရေးပြဿနာများကို ပိုမိုနက်ရှိုင်းကြီးမားစေလျက်ရှိသည်။

ဒေါ်လာအသုံးပြုမှု လျှော့ချရန် ဧပြီလအတွင်း CBM ၏ ကြိုးပမ်းမှုများ စတင်ချိန်ကတည်းက မြန်မာငွေကြေးဒုက္ခသည် ပိုမိုပြင်းထန်လာခဲ့ပြီး တိုင်းပြည်၏ နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေသည် အန္တရာယ် ကြီးမားသည့်ပမာဏအထိ ယုတ်လျော့ကျဆင်းလာဖွယ်ရှိနေသည်။ အမေရိကန်ဒေါ်လာဝယ်လိုအားကို ထိန်းကျောင်းရန် CBM ၏ အရေးပေါ်ကြားဝင် ဆောင်ရွက်မှုများမှာ အချည်းနှီးဖြစ်ခဲ့သည်။

စစ်တပ်က ဖွဲ့စည်းထားသည့် စစ်ကောင်စီသည် ဒေါ်လာအသုံးများနေခြင်းကို ထိန်းချုပ်ရေး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက အလားတူကြိုးပမ်းမှုကြောင့် ဈေးကွက်အလိုအလျောက် တုံ့ပြန်မှု၏ဆိုးကျိုးများမှ သင်ခန်းစာ ရယူထားနိုင်ခြင်း မရှိသည်မှာ အထင်အရှားပင်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခဲ့သည်။၂၀၂၁ခုနှစ်၊ အောက်တိုဘာလ အရောက်တွင် မြန်မာငွေတန်ဖိုးသည် ၄၇.၅ရာခိုင်နှုန်းအထိ ထိုးဆင်းသွားသည်။ သို့သော် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်ဆောင်ရွက်ခဲ့သော ထိန်းကျောင်းရေး လုပ်ငန်းများကြောင့် ငွေကြေးဈေးကွက်မတည်ငြိမ်မှုများ ပိုမိုဆိုးဝါးလာရပြန်သည်။ မြန်မာကျပ်ငွေ တန်ဖိုးပြိုလဲခြင်းသည် အပြန်အလှန် ဆက်စပ်မှုရှိနေသော အကြောင်းရင်းသုံးခုမှ မြစ်ဖျားခံ ပေါ်ပေါက်လာခြင်းဖြစ်သည်။

၎င်းတို့မှာ ပို့ကုန်ဝင်ငွေလျော့ကျမှုအပြင် နိုင်ငံခြားငွေကြေးဈေးကွက်ကို ချွတ်ခြုံ ကျစေသည့် ပြည်တွင်းသို့ ဘဏ္ဍာငွေစီးဝင်မှု လျော့နည်းလာမှုကြောင့် ပြည်ပငွေပေးငွေယူရှင်းတမ်း (BOP) ဖိအားများလာခြင်း၊ ဘဏ္ဍာရေး လိုငွေများလာခြင်းနှင့် ငွေကြေးကဏ္ဍမတည်ငြိမ်ခြင်းတို့ ဖြစ်သည်။

စီးပွားရေးအခြေခံ အဆောက်အအုံအားနည်းမှုနှင့် လက်ရှိကမ္ဘာ့လုံးဆိုင်ရာ ဝရုန်းသုန်းကားဖြစ်နေမှု၊ အထူးသဖြင့်ရေနံ၊ ဓာတ်မြေဩဇာ၊ စားသုံးဆီဈေးနှုန်းများ ရုတ်ချည်းမြင့်တက်လာမှုတို့ကြောင့် ပိုမို အခြေအနေဆိုးဝါးလာသည့် မြန်မာငွေကြေးစိန်ခေါ်မှုများသည် လူအများ၏ အသက်မွေးမှုလုပ်ငန်းများကို ဆက်လက်နင်းချေဖျက်ဆီးလျက်ရှိသည်။

နိုင်ငံအတွင်းသို့ စီးဝင်သည့်ငွေနှင့် နိုင်ငံထဲမှစီးထွက်သည့် ငွေစုစုပေါင်းကို စာရင်းပြုစုထားသော ပြည်ပ ငွေပေးငွေယူရှင်းတမ်း(BOP) ဆိုသည်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းအပြင် ရင်းနှီးမြှုပ်နှံမှု၊ ချေးငွေ၊ နိုင်ငံခြားအကူအညီ စသည့်ပုံစံများဖြင့် ငွေကြေးစီးဆင်းဆောင်ရွက်မှု အမျိုးမျိုးကို အချိန်နှင့်အမျှ အမြဲထည့်သွင်း ပြင်ဆင်ကိုက်ညှိပေးနေရသည့် စာရင်းတစ်ခုဖြစ်သည်။

ငွေလဲလှယ်နှုန်း၊ အတိုးနှုန်း သို့မဟုတ် ငွေကြေး စီးဆင်းမှုအပေါ် ထိန်းချုပ်မှုများက စီးပွားရေးစနစ်ကို တည်ငြိမ်စေမည်ဖြစ်သော်လည်း အကြပ်အတည်း ကာလအတွင်း ကြီးမားသည့်ဖိအားများက အဆိုပါမူဝါဒ အဆောက်အအုံများကို ဆိုးဆိုးဝါးဝါး မတည်မငြိမ် ယိုင်ထိုးသွားစေနိုင်သည်။ သို့တည်းမဟုတ် စနစ်အပေါ် ယုံကြည်မှု ပြိုလဲသွားခြင်းကြောင့် နိုင်ငံခြားငွေများ စီးထွက်မှုကို ဖြစ်ပေါ်စေနိုင်သည်။

စစ်ကောင်စီ၏ မူဝါဒချမှတ်သူများသည် အာဏာသိမ်းမှုကြောင့် ပြည်ပငွေပေးငွေယူရှင်းတမ်း (BOP)အကြပ်အတည်းတစ်ခု ဖြစ်ပေါ်လာမည်ကို ကြိုတင်မှန်းဆထားပြီး ဖြစ်ပုံရသည်။ သို့တိုင်အောင်လည်း အဆိုပါ အကြပ်အတည်းကို ၎င်းတို့က တလွဲတချော်မူဝါဒများဖြင့် တုံ့ပြန်နေကြဆဲပင် ဖြစ်သည်။

အနောက်နိုင်ငံများက ဦးဆောင်ချမှတ်သည့် အရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံခြားငွေကြေးစီးဝင်မှု လျော့နည်းသွားခြင်းကို ခုသာခံသာဖြစ်စေရန် မြန်မာနိုင်ငံအနေဖြင့် ၎င်း၏နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေအပေါ် မှီခိုရမည်မှာ ထင်ရှားသည်။ မြန်မာနိုင်ငံသို့ ပေးအပ်နေသော နိုင်ငံစုံနှင့် နှစ်နိုင်ငံအကြား ဖွံ့ဖြိုးရေးအကူ အညီအများစုနှင့် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအသစ်များမှာ အချိန်အကန့်အသတ်မရှိ ဆက်လက် ရပ်ဆိုင်းနေမည်ဟု မျှော်လင့်ရသည်။

ပြည်ပငွေပေးငွေယူရှင်းတမ်း (BOP) ပြဿနာကို ဖြေရှင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် CBM သည် သွင်းကုန်လိုင်စင် လိုအပ်သော ကုန်ပစ္စည်းစာရင်းကိုတိုးချဲ့ခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှုအပေါ် ထိန်းချုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါဆောင်ရွက်မှုများတွင် နိုင်ငံခြားငွေဖြင့် ရရှိသည့်ဝင်ငွေကို မြန်မာကျပ်ငွေသို့ အတင်းအကြပ် ပြောင်းလဲစေခြင်းလည်း ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါဆိုးဝါးသည့် အမိန့်ကို ပြန်လည်ဖြေလျှော့ပေးခဲ့သည်။

CBM ၏ တုံ့ပြန်ဖြေရှင်းမှုများသည် ကျပ်ငွေတန်ဖိုးလျင်မြန်စွာကျဆင်းနေမှုကို မဟန့်တားနိုင်သလို ပြည်ပငွေပေးငွေယူရှင်းတမ်း(BOP) ဖိအားများကိုလည်း လျော့နည်းသက်သာအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။

သွင်းကုန်ကန့်သတ်ချက်များက ၂၀၂၁ ခုနှစ်အတွင်း သာမန်အသုံးစရိတ် လိုငွေလျော့ကျအောင် အထောက်အကူပြုခဲ့ပြီး မြန်မာနိုင်ငံမှ ပြည်ပသို့ ဝင်ငွေစီးထွက်မှု၊ ပို့ကုန်လျော့ကျ၍ ကုန်သွယ်ရေး လိုငွေပြမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံခြားငွေအသားတင်ဆုံးရှုံးမှုကို လျော့နည်းသက်သာစေခဲ့သည်။

သို့ရာတွင် ငွေအရင်းအနှီး စီးထွက်မှုမြင့်မားလာခြင်းနှင့် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလျော့ နည်းလာခြင်းတို့ကြောင့် ပြည်ပငွေပေးငွေယူရှင်းတမ်း (BOP) အခြေအနေ ပိုမိုဆိုးဝါးလာသည်။ ၂၀၂၂ ခုနှစ်၊ ပထမခြောက်လအတွင်း မြန်မာ့ကုန်သွယ်ရေးလိုငွေ ပိုမိုကြီးထွားလာပြီး ငွေအရင်းအနှီးစီးထွက်မှုနှင့် ကုန်သွယ်ရေး လိုငွေပြမှုလားရာသည် ယခုအခြေအနေအတိုင်း တစ်နှစ်ပတ်လုံး ဆက်လက်ဖြစ်ပေါ်နေပါက ၂၀၂၂ ခုနှစ်၊ နှစ်လယ်၌ မြန်မာ့နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေသည် “မလုံလောက်သည့် ပမာဏ အတိုင်းအတာ”သို့ လျော့နည်းကျဆင်းသွားခဲ့ပြီး ဖြစ်ဖွယ်ရှိသည်ဟု ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ထုတ်ဝေသည့် ကမ္ဘာ့ဘဏ်၏ မြန်မာစီးပွားရေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ (MEM) ၌ သတိပေးဖော်ပြထားသည်။ (၂၀၂၁ ခုနှစ်၊ စက်တင်ဘာသုံးလပတ်၌ နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေသည် အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့်အထိ ကျဆင်းခဲ့သည်)။

ပြည်ပချေးငွေနှင့် လှူတမ်းမှုများ ရပ်ဆိုင်းသွားခြင်းကလည်း မြန်မာ့ဘဏ္ဍာရေး ပြဿနာကို ပိုမိုပြင်းထန် ဆိုးဝါးစေခဲ့သည်။ တိုင်းပြည်၏ ဘဏ္ဍာရေးလိုငွေပမာဏ သိသိသာသာ များပြားလာခြင်းက ငွေကြေးတန်ဖိုးအပေါ် ဖိအားများ ပိုမိုသက်ရောက်ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း ၁၈ ရာခိုင်နှုန်းကျုံ့ဝင်ခဲ့သော နိုင်ငံ့စီးပွားရေးကြောင့် အခွန်ရငွေပမာဏ လျော့နည်းကျဆင်းခဲ့ပြီး ၂၀၂၁ခုနှစ် မြန်မာ့ဘဏ္ဍာရေးလိုငွေသည် ဂျီဒီပီ၏ ၉.၂ ရာခိုင်နှုန်း သို့မဟုတ် ပမာဏအားဖြင့် ကျပ်ငွေ ၈,၈၈၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်) အထိ မြင့်မားလာသည်။

အာဏာသိမ်းပြီးကတည်းက နိုင်ငံစုံနှင့် နိုင်ငံအချင်းချင်း အလှူရှင်များက ချေးငွေနှင့် ထောက်ပံ့ကူညီမှုများကို ရပ်ဆိုင်းပစ်ခဲ့သည်။ အထူးသဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) တို့ထံမှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံက ရရှိရန် မျှော်လင့်ထားသည့် ချေးငွေကျပ် ၁.၅ ထရီလီယံ (တစ်ဒေါ်လာလျှင် ၁၅၂၀ ကျပ် ငွေလဲနှုန်းဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်) ရပ်ဆိုင်းခံထားရသည်။ ရန်ပုံငွေအရ/ အသုံးကွာဟမှုကို ဖြည့်ဆည်းရန် စစ်ကောင်စီသည် “လိုငွေအတွက် ငွေချေးယူထောက်ပံ့မှု” ကိုအားကိုးခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ဇူလိုင်လကထုတ်ဝေသော MEM အစီရင်ခံစာကလည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လတာ မီနီဘတ်ဂျက်အတွက် အစိုးရဘဏ္ဍာရေးလိုငွေ၏ ၅၅ ရာခိုင်နှုန်းကို CBM က ထုတ်ချေးခဲ့သည်ဟု ခန့်မှန်းထားသည်။ ဈေးကွက်လည်ပတ်မှုအတွင်းသို့ ငွေကြေးပမာဏအများအပြား ဖြည့်သွင်းခြင်းက ငွေဖောင်းပွမှုကို ကြီးထွားစေပြီး ကျပ်ငွေတန်ဖိုးကိုပိုမိုကျဆင်းစေခဲ့သည်။

အားလုံးကိုခြုံငုံသုံးသပ်ရလျှင် မြန်မာ့ဘဏ္ဍာရေးမတည်ငြိမ်မှုသည် မကြာသေးမီလများအတွင်း ပို၍ပင်ဆိုးဝါးလာသည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွက် မြန်မာ့ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒစာတမ်းတွင် အာဏာသိမ်းမှုအလွန် CBM ၏အလျဉ်းသင့်သလို ကြုံရာကျပန်း အရေးယူဆောင်ရွက်မှုများသည် ဘဏ္ဍာရေးတည်ငြိမ်မှု သို့မဟုတ် ငွေကြေးအဖွဲ့အစည်းများ၌ အများပြည်သူ၏ ယုံကြည်မှုကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။

ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ ငွေကြေးလွှဲပြောင်းပေးနိုင်စွမ်းနှင့် တန်ဖိုးထိန်းသိမ်းနိုင်စွမ်းအပေါ် အများပြည်သူ၏ ယုံကြည်ကိုးစားမှု ကင်းမဲ့သွားခြင်းကြောင့် လူအများအပြားသည် မြင့်တက်လာသည့် ငွေကြေးဖောင်းပွမှုကို ခုနှိမ်ရန်နှင့် မိမိတို့၏ဥစ္စာဓနကြွယ်ဝမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အိမ်ခြံ မြေ၊ ရွှေနှင့် နိုင်ငံခြားငွေကဏ္ဍများသို့ ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံလာကြသည်။

ငွေကြေးကြွယ်ဝသော အသိုင်းအဝိုင်းများသည် နည်းပညာ၊ အဆက်အသွယ်နှင့် အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် ထိုင်းနိုင်ငံရှိ ကန့်သတ်မှုမရှိသော ငွေကြေးစနစ်များကို အခွင့်ကောင်းယူ၍ မိမိပိုင်ဆိုင်မှုများကို ပြည်ပသို့ပြောင်းရွေ့ ရန်ကြိုးပမ်းလာသည်။ တစ်ကမ္ဘာလုံး ကုန်ဈေးနှုန်းမြင့်တက်နေမှုက မြန်မာငွေတန်ဖိုးကျဆင်းမှုကို ပိုမိုထိခိုက်စေခဲ့ရာ သွင်းကုန်ပစ္စည်းများသည် ဈေးနှုန်းနှစ်ဆအထိ မြင့်မားလာခဲ့သည်။

လောင်စာဆီနှင့် ဓာတ်မြေဩဇာကဲ့သို့ အဓိကစိုက်ပျိုးရေးသွင်းအားစုများ၏ ကမ္ဘာ့ပေါက်ဈေးများ ထိုးတက်သွားခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း စားသောက်ကုန်ပစ္စည်း ဈေးနှုန်းများသည် ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ဝင်ငွေနည်းအိမ်ထောင်စုများသည် အခက်ခဲဆုံး အခြေအနေများကို ကြုံတွေ့ခံစားနေရကာ ကြီးမားသော စားနပ်ရိက္ခာမဖူလုံမှုအန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော ဆောင်ရွက်ချက်များက အခြေအနေကိုပို၍ပင် ဆိုးဝါးစေခဲ့ပြန်သည်။ နယ်စပ်ကုန်သွယ်မှုများကို ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေများဖြင့် ပေးချေခွင့်ပြုသည့် ယခင်ညွှန်ကြားချက်ကို CBM က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ပြန်လည်ရုပ်သိမ်းလိုက်သည်။ ယခုအခါ နယ်စပ်ကုန်သွယ်ရေး ကို CBM က သတ်မှတ်သည့်ငွေလဲလှယ်နှုန်းအတိုင်း အမေရိကန်ဒေါ်လာဖြင့်ဆောင်ရွက်ရမည် ဖြစ်သည်။

ထို့အပြင် ကောက်ပဲသီးနှံတင်ပို့မှုအတွက်လည်း လိုင်စင်လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့အတွက် ထိုင်းနိုင်ငံသို့ ပြောင်းဖူးတင်ပို့မှုမှာ ဇူလိုင်လအတွင်းထိုးကျသွားသည်။ ပို့ကုန်ဝင်ငွေကို (ဈေးကွက်ပေါက်ဈေးထက် လျှော့၍) CBMကသတ်မှတ်သောနှုန်းအတုဖြင့် အတင်းအကြပ်လဲလှယ် စေခြင်းမှာလည်း ဆန်တင်ပို့သည့် လုပ်ငန်းရှင်များသာမက ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း အပေါ်ကိုပါ ထိခိုက်နစ်နာစေလျက်ရှိသည်။

တိုင်းပြည်၏ အခြေခံမေခရိုစီးပွားရေး လုပ်ငန်းများဖြစ်သည့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှုမှာ အရေးကြီးကြောင်း မြန်မာ့ငွေကြေးပြဿနာများက မီးမောင်းထိုးပြနေသည်။ သို့သော် မြန်မာနိုင်ငံ၏ လက်ငင်းအရေးတကြီး အလေးထားမှုသည် နိုင်ငံရေး၌ စစ်ကောင်စီ၏ ဆက်လက်ရှင်သန်နိုင်ရေးသာ ဖြစ်ဖွယ်ရှိသည်။

နိုင်ငံရေးအရ စဉ်းစားပါက လက်ရှိစစ်ကောင်စီလက်အောက် မြန်မာနိုင်ငံသည် နိုင်ငံစုံကူညီထောက်ပံ့မှုများရရှိရန် အလွန်အကန့်အသတ် ရှိနေသည်မှာ အထင်အရှားပင်ဖြစ်သည်။ အထူးလိုအပ်နေသော အကူအညီများကို လမ်းဖွင့်ပေးနိုင်ရေးနှင့် မေခရို စီးပွားရေးတည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းရေးတို့အတွက် နိုင်ငံတကာ၏ ယုံကြည်လေးစားမှုနှင့် အများပြည်သူ၏ ကိုးစားယုံကြည်မှုတို့မှာ မရှိမဖြစ် အရေးပါနေသည့် အချက်များဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ၏အတွေ့အကြုံက ပကတိညွှန်ပြနေသည်။

အဆိုပါ မရှိမဖြစ် နိုင်ငံရေးသော့ချက်များကို ဆက်လက် ရှာဖွေနေဆဲအချိန်မှာတွင် ဝဲကတော့အတွင်း သက်ဆင်းနစ်မြုပ်နေသည့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုသည် မြန်မာနိုင်ငံသားများ၏ ဘဝရှင်သန် ရပ်တည်နိုင်ရေးအပေါ် ခြိမ်း ခြောက်မှုများ ဖြစ်ပေါ်လာလျက်ရှိသည်။

(FULCRUM မဂ္ဂဇင်းပါ Khine Win ၏ “Searching for Keys as the Kyat Goes Out of Kilter” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article