30 C
Yangon

မွန်ပြည်ကာကွယ်ရေးတပ်၏ ပထမဆုံးစစ်ဆင်ရေးအဖြစ် ခေါဇာမြို့ ရဲစခန်းကို ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို စက်တင်ဘာလ ၁ ရက် ယနေ့နံနက်တွင် မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) က ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး ထိခိုက်သေဆုံးမှုရှိကြောင်း MSDF-south က သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီတွင် MSDF-south ၏ ပထမဆုံးစစ်ဆင်ရေးအဖြစ် ဆင်ဖြူစစ်ဆင်ရေး (ကရောင်ပၞာန်စိင်ဗတာင်) ဟု အမည်ပေးပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ရဲဘော်တွေ ၆ နာရီလောက်မှာ ရဲစခန်းကို ဝင်ပစ်တယ်။ ၂ ယောက် လဲ သွားတာတွေ့တယ်။ အပြန်အလှန်ပစ်တာ ၁၀ မိနစ်လောက် ကြာတယ်၊ ခေါဇာမြို့က သိပ်မကြီးဘူး၊ ခလရ ၃၁ လည်း အခြေစိုက်တယ်။ စစ်ကြောင်းဝင်လာမှာစိုးလို့ ကျနော်တို့ ပြန်ပြီး ဆုတ်လာတယ်။ စစ်ကြောင်းဝင်လာရင် ပစ်ဖို့ ကျနော်တို့ ပြင်ထားတာ ရှိတယ်၊ ဒါပေမယ့် စစ်ကြောင်းက ထွက်မလာဘူး၊ ရဲစခန်းထဲမှာလည်း အသံတိတ်သွားတယ်” ဟု မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်း ၏ ပြောခွင့်ရ နိုင်နဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ခေါဇာမြို့ ရဲစခန်းနှင့် ခလရ ၃၁ သည် ရေးတောင်ပိုင်းဒေသအတွင်း၌ မူးယစ်ဆေးဝါးဖြန့်ဖြူးရေးတွင် အဓိက ပါဝင်ပတ်သက်နေကြောင်း MSDF-south ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

MSDF-south အဖွဲ့ကို မွန်လူမျိုးများနှင့် မွန်ပြည်နယ်တွင်းရှိ တော်လှန်လူငယ်များဖြင့် ဖွဲ့စည်းထားပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article