ရန်ကုန်၊ စက်တင်ဘာ ၁
ရှမ်းပြည်နယ်၊ နမ့်စမ် လေတပ်မှ တပ်ကြပ်စာရေး ချမ်းငြိမ်းသည် ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်း မြန်မာ့ဩဘာ ပေါင်းဆေးသောက်ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း တပ်သတင်းရင်းမြစ်များနှင့်ဒေသခံများထံမှ သိရှိရသည်။
“ဖြစ်တာက မနေ့ညနေခင်းက ဖြစ်တာ။ လေတပ်ထဲမှာ ဖြစ်တာ။ ဩဘာဆေးသောက်ပြီးတော့ သူ့ကို ဆေးရုံပို့တယ်။ အောင်ပန်း စစ်ဆေးရုံကို ပို့တာ။ ညသန်းခေါင်လောက်မှာ ဆုံးသွားတယ်။ ပြသနာဖြစ်တာက တပ်တွင်းမှာဖြစ်ကြပြီး တပ်တွင်းမှာပဲ ဩဘာဆေးသောက်လိုက်တာ။ နှစ်ရစ်နဲ့ တပ်ကြပ်စာရေး။ လေတပ် စစ်ခွေးကြီးတကောင် က တွေ့ကရာစားပြီး စာရင်းလိမ်ခိုင်းတာ စာရင်း မနိုင်လို့ ပြဿနာတက်တာလို့ သိရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
တပ်ကြပ်စာရေး ချမ်းငြိမ်း၏ မိသားစုသည် တပ်တွင်းမနေဘဲ အပြင်တွင်နေထိုင်ကြောင်း၊ မိသားစုနှင့်လည်းပြဿနာ တစ်စုံတစ်ရာမရှိကြောင်း၊ အိမ်ထောင်ရေးပြဿနာလည်းမရှိသည့်အပြင် စီးပွားရေးပြဿနာလည်း မရှိကြောင်း၊ တပ်တွင်း စာရင်းပြဿနာကြောင့် နောက်ဆက်တွဲ ဖြစ်လာခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်စခန်းဌာနချုပ်တစ်ခု။