ရန်ကုန်၊ စက်တင်ဘာ ၁
မကွေးတိုင်း တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ အခြေစိုက်ရာ စခန်းကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်တွင် ဝင်ရောက် စီးနင်းစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မကွေး တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ကာကွယ်ရေး တပ်ဖွဲ့များ အခြေစိုက် စခန်းကို အကြမ်းဖက် စစ်တပ်မှ ကပစ(၂)၊ ကပစ(၁၀)၊ ကပစ(၁၃)၊ တပ်မ(၈၈)လက်အောက်ခံ ခလရ(၈၃)တပ်နှင့် ထောက်/ပို့(၉၄၉) ပူးပေါင်းတပ်များမှ ပင်မစစ်ကြောင်းအင်အား(၁၀၀)၊ ပိတ်ဆို့စစ်ကြောင်း(၄)ကြောင်း ခန့်မှန်းအင်အား(၂၀၀)ခန့်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ထိုးစစ်ဆင် တိုက်ခိုက်ချိန်တွင် ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် ပြင်ဆင်ချိန် အလုံအလောက် မရှိသောကြောင့် အလစ်အငိုက်မိသည့်သဘောဖြစ်သည့်အတွက် စခန်းနှင့် လာရာလမ်းကြောင်းတစ်ချို့အား နင်းမိုင်း၊ တိုက်မိုင်းများဖြင့် မိနစ် အနည်းငယ်အတွင်းမိုင်းဆင်ကာ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီး ၁၂ ချက်၊ စက်လက်များ၊ လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ စခန်းတည်နေရာသို့ ဦးတည်ပစ်ခတ်ခဲ့ပြီး စခန်းသို့ ဝင်ရောက် လာစဥ်တွင် မိုင်းကွင်းနှင့် စခန်းပတ်ချာလည်မှ မိုင်းများနင်းမိပြီး စစ်သား ၁၀ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို သယ်ဆောင်၍ အကြမ်းဖက် စစ်တပ်က နောက်ဆုတ်သွားကြောင်း သိရသည်။
Photo – မကွေး တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ