26.3 C
Yangon

Must read

ဗဟိုဘဏ်က ဒေါ်လာ ၅၅၄ သန်း ထုတ်ရောင်းခဲ့သည့်တိုင် ငွေလဲနှုန်း မတည်ငြိမ်ခဲ့ဘဲ အတက် အကျ ကြမ်းစွာဖြင့် ကုန်စျေးနှုန်း ကြီးမြင့်မှု နှင့် စီးပွားရေး မလည်ပတ်မှု ခါးစည်းခံရ၊ နိုင်ငံရေး ဆိုးရွားမှု ပြဿနာ မဖြေရှင်းသမျှ စီးပွားရေး ပြိုလဲမှု ကျော်လွှားရန် ခက်ခဲ

By ရန်ကုန်ခေတ်သစ်

မြန်မာ့စီးပွားရေး အတွက် အရေးပါသော ငွေလဲနှုန်းကို ထိန်းချုပ်ရန် အတွက် စစ်ကောင်စီဗဟိုဘဏ်က ၁၃ လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၅၅၄ သန်း ထုတ်ရောင်းခဲ့သည့်တိုင် ငွေလဲနှုန်း မတည်ငြိမ်ခဲ့ဘဲ အတက်ကြမ်း၊ အကျ ကြမ်းဖြင့် ကုန်စျေးနှုန်း ကြီးမြင့်မှု နှင့် စီးပွားရေး မလည်ပတ်မှု ခါးစည်းခံနေရမှုခြင်းဖြင့် စစ်တပ်၏ စီးပွားရေး ကျရှုံးမှုကို သက်သေပြနေကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းနှင့် ကျွမ်း ကျင်သူများက ထောက်ပြ ပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့် အာဏာလုထားသမျှ ကာလပတ်လုံး မြန်မာကျပ်ငွေနှင့် ဒေါ် လာ လဲလှယ်နှုန်းထား မတည်ငြိမ်နိုင်ဘဲ နိုင်ငံရေး ပြဿနာကို မဖြေရှင်းသမျှကာလပတ်လုံး စီး ပွားရေး ဆက်လက်ပြိုဆင်းနေမည် ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းနှင့် ကျွမ်းကျင်သူများက သုံးသပ် ပြောဆိုကြသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် ငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ငွေကျပ် ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်နီးပါး အထိ ထိုးတက် ခဲ့ကြောင်း၊ စစ်တပ် ဗဟိုဘဏ်က ဒေါ် လာ သန်း ၂၀၀ ကျော်ရောင်းချပေးမည်ဟု ထုတ်ပြန်ပြီးနောက် စက်တင် ဘာလ ၁ ရက်နေ့တွင် ငွေကျပ် ၃၆၀၀ ကျပ်အထိ ၁၀၀၀ ကျပ် နီးပါး စျေးထိုးကျသွားခဲ့သည်။

မြန်မာကျပ်ငွေတန်ဖိုးထိုးကျမှုနှင့် ဒေါ်လာ လိုအပ် ချက်ကို ကုစားရန် ဒေါ်လာ သန်း ၂၀၀ ကျော် ရောင်း ချပေးမည်ဟု ဆိုသော ဗဟိုဘဏ်၏ ကြေညာချက်သည် ယာယီဆေးမြီးတို ဖြေရှင်းနည်းသာဖြစ်ပြီး ရေရှည်တွင် ငွေလဲနှုန်း ထိန်းနိုင်မည့် နည်းလမ်းမှာ နိုင်ငံရေး တည်ငြိမ်မှု ရှာရေးက အဓိက အဖြေ ဖြစ်သည်ကို အကြမ်းဖက် စစ်ကောင်စီက လက်ခံရန် လိုအပ်နေကြောင်း စီးပွားရေးနှင့်ကုန် သွယ်ရေး ပေါ်လစီ ကျွမ်းကျင်သူ မေရီက ပြောဆိုသည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မတ်လအထိ ၁၃ လတာ ကာလအတွင်းမှာ ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ ၅၅၄ သန်းထုတ်ရောင်းခဲ့တယ်။ ဒါပေမယ့် ငွေလဲနှုန်းကို မထိန်းနိုင်ခဲ့ဘူး။ သွင်းကုန်လိုအပ်ချက်ရှိတော့ ဒေါ်‌လာ ဘီလီယံချီပြီးတော့ နှစ်စဉ်လိုနေတာ။ ကိုယ့်တိုင်းပြည်မယ် စီးပွားရေး မကောင်းဘူး၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ထွက်ကုန်ကြတယ်။ စစ်တပ်က လူ့ အခွင့်အရေးချိုးဖောက်လို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံရတယ်။ ထပ်လည်းလာဦးမယ်။ အခုက စီးပွားရေး ပြဿနာဖြစ်နေတာမဟုတ်ဘူး။ နိုင်ငံရေး ပြဿနာကြောင့် နောက် ဆက်တွဲ စီးပွားရေးပြိုလဲနေတာ။ နိုင်ငံရေး ပျက်စီးတော့ စီးပွား ရေးပြိုပြီး ဝင်ငွေ မရှိ ၊ နိုင်ငံခြားချေးငွေမရ ၊ အဲဒီတော့ ငွေစက္ကူရိုက်ထုတ်တယ်။ ငွေကြေးဖောင်းပွမှုဖြစ်တယ်။ အဲဒီ ပြဿနာဖြစ်နေတာ။ အဓိကက နိုင်ငံရေး ပြဿနာကို အဖြေရှာရမှာ။ နိုင်ငံရေး မရှင်းနိုင်သမျှကာလပတ်လုံး ဒီလိုပဲ ဗဟိုဘဏ်က ဒေါ်လာမပေးတော့ဘူးဆိုရင် ငွေလဲနှုန်း ထိုးတက်၊ ဒေါ်လာလေး နည်းနည်း ပေးမယ်လို့ ပြောလိုက်ရင် ထိုးကျ။ ဒီလိုပဲ အတက်အကျ ကြမ်းမယ်။ စီးပွားရေးလုပ်မရဘူး။ တည်ငြိမ်တဲ့ ငွေလဲနှုန်း ဘယ် တော့မှ မရဘူး။ စစ်တပ်ကြောင့် ကျပ်ငွေကို မယုံကြည်မှု ပိုလာမယ်” ဟု စီးပွားရေးနှင့် ကုန် သွယ် ရေး ပေါ်လစီရေးရာ ကျွမ်းကျင်သူ မေရီက ဆိုသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊ ဧပြီလတွင် ဒေါ် လာ ၁၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်တွင် ၂၈ သန်း၊ စက်တင်ဘာတွင် ဒေါ် လာ ၆၃ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ သန်း ၁၁၀၊ နိုဝင်ဘာတွင် ဒေါ်လာ ၃၁ သန်း နှင့် ဒီဇင်ဘာတွင် ဒေါ်လာ ၁၁၈ သန်း စုစုပေါင်း ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၄၄၃ ဒသမ ၈ သန်း ရောင်းချခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၆၅ သန်း ၊ ဖေဖော် ၀ါရီ ဒေါ်လာ သန်း ၃၀ ၊ မတ်လတွင် ဒေါ်လာ ၁၅ သန်း စုစုပေါင်း ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းတွင် ဒေါ်လား သန်း ၁၁၀ ရောင်းချခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄၃ ဒသမ ၈ သန်း၊ ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကိုလည်းကောင်း ၁၃ လတာ ကာလ အတွင်း အမေရိကန်ဒေါ်လာ စုစုပေါင်း ၅၅၃ ဒသမ ၈ သန်း ( ဒေါ်လာ ၅၅၄ သန်း) ရောင်းချခဲ့သော်လည်း ဗဟိုဘဏ်သည် ငွေလဲနှုန်းကို မထိန်းနိုင်ခဲ့သည်မှာ သက်သေ ပင်ဖြစ်ကြောင်း၊ ငွေလဲနှုန်း မတည်ငြိမ်၍ စီးပွား ရေး မလည်ပတ်ခြင်း၊ စျေးနှုန်းများ မြင့်တက်လာခြင်း၊ စက်သုံးဆီကဲ့သို့သော သွင်း ကုန် ပြတ်လပ်မှုများ မကြာ ခဏ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

“အုပ်ချုပ်တာ ၁၈ လတာအတွင်း ၁၃ လကာလကို ဒေါ်လာ ၅၅၄ သန်း ထုတ်ရောင်းခဲ့တယ်။ ငွေလဲနှုန်းတည်ငြိမ်ခဲ့လား။ ဒေါ်လာတန်ဖိုး ကျသွားခဲ့သလား။ အခု တစ်ဒေါ်လာ ၄၅၀၀ အထိတက်ခဲ့တယ်။ ဒေါ်လာ သန်း ၂၀၀ ကျော် ပေးမယ်လို့ ကြေညာတော့ ပြန်ကျတယ်။ အဲဒီ သန်း ၂၀၀ ကုန်သွားရင်ရော သွင်း ကုန်တွေ စက်သုံးဆီ ဆေးဝါး၊ အခြား လယ်ယာ ပစ္စည်းတွေ ဘာနဲ့သွင်းမလဲ။ ကျနော်တို့ စီးပွားရေး သမားတွေက ငွေလဲနှုန်း မှာ ဒေါ်လာ တဟုန်ထိုးတက်လို့ ပျော်မနေဘူး။ ဒေါ်လာတန်ဖိုးတက်လေ ကျနော်တို့ ပိုင်ဆိုင်တာ တွေ လျှော့သွားလေပဲ။ အခု သန်း ၂၀၀ ကျော်ပေးမယ် ဆိုတာကြောင့် ငွေလဲနှုန်း ကျတယ်ပဲထားဦး။ အဲဒါက ခဏလေးပဲ၊ ရေတိုပဲရမယ်။ ရှေ့မှာ ၁၃ လတာ ဒေါ်လာ သန်း ၅၅၄ သန်းထုတ်ရောင်းခဲ့တာ သက်သေရှိတယ်။ အဓိက ပြောချင်တာက ပြဿ နာ အရင်း အမြစ်ကို မရှင်းရင် ဒီလိုပဲ လုံးချာ လည်ချာလိုက်မယ်။ တိုင်းပြည်စီးပွားရေး ပျက်နေပြီ။ ပျက်နေတာကို ပြင်ရမှာ တစ်လမ်းပဲရှိတယ်။ အဲဒါက နိုင်ငံရေး ပြဿနာကို ရှင်းမှ ရမှာ။ အဲဒါ မရှင်းရင် ခင်ဗျား ဒေါ်လာ တစ်ဘီလီယံ ထုတ်ရောင်းလည်း ရောင်းတုန်းခဏပဲ ငွေလဲနှုန်းငြိမ်မယ်။ ပြီးရင် ပြန်တက်မယ်။ ဒီနိုင်ငံမှာ အပ်တောင် ပြည်ပက သွင်းနေရတာ။ အပ်တောင် ကိုယ့်ဟာကိုယ် မထုတ်နိုင်ဘူး” ဟု ရန်ကုန်စီးပွားရေး သမားက ရှင်းပြသည်။

လက်ရှိ မြန်မာနိုင်ငံက ကြုံတွေ့နေရသည့် နိုင်ငံတကာ ဖိအားသည် ယခင် စစ်တပ်အာဏာသိမ်းစဉ်ကာလများနှင့် မတူကြောင်း၊ ယခင်စစ်တပ်များထက် မင်းအောင်လှိုင် စစ်တပ်က လူပိုသတ်ခဲ့ပြီး ရိုဟင်ဂျာများအပေါ်လည်း လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သော စွပ်စွဲမှု ရင်ဆိုင်နေရကြောင်း၊ လူထုအစိုးရထံမှ အာဏာ လုယူခဲ့သော စစ်တပ်ဖြစ်ကြောင်း၊ ထို့ ကြောင့် အနာဂတ်လာမည့် စီးပွားရေးပိတ် ဆို့မှုများ သည် ပြင်းထန်လိမ့်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကုန်သွယ်ရေးပေါ်လစီ ကျွမ်းကျင်သူ မေရီက ဆိုသည်။

“၆၂ အာဏာသိမ်းတယ်။ နိုင်ငံတကာက ဘာမှ တုံ့ပြန်မှုမရှိခဲ့ဘူး။ ကိုယ်ဟာကိုယ် တံခါးပိတ် ဆိုရှယ် လစ် လုပ်လိုက်လို့ တိုင်းပြည် မွဲသွားတယ်။ ၈၈ အာဏာ သိမ်းတယ်။ နိုင်ငံတကာ က ပိတ်ဆို့မှုလုပ်တယ်။ ပြင်းပြင်းထန်ထန် မရှိလှဘူး။ အခု ၂၀၂၁ ခုနှစ် အာဏာသိမ်းတယ်။ ရိုဟင်ဂျာတွေကို သတ်ထားတယ်။ ပြည်သူတွေ ထောင်ပေါင်းများစွာကို သတ်တယ်။ လူတွေကို ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီး ချိတ်ပိတ်တယ်။ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုဘူး။ အာဆီယံအစည်းအဝေး တောင် မတက်ရဘူး။ စီးပွားရေးပိတ်ဆို့မှုတွေ လာတယ်။ အခုနောက်ဆုံး MOGE ကို ပိတ်ဆို့ဖို့ ပြင်နေကြပြီ။ ICJ မှာ တရားစွဲခံထားရတယ်။ ICC မှာ အမှုတည်ဆောက်နေတယ်။ အာဂျင်တီးနားတရားရုံးမှာ အမှုရှိနေတယ်။ ဩစေတြးလျတရားရုံးမှာ တရားစွဲဖို့ လုပ်နေကြတယ်။ အဲဒီတော့ ပြောချင်တာက ဒီအခြေအနေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ကျတဲ့ ပြည်ပ ရင်းနှီး မြှုပ်နှံမှု မလာနိုင်ဘူး။ ဘယ်သူကမှ အသိအမှတ်မပြုတာ ဘယ်လို စီးပွားရေးလုပ်မလဲ။ အဲဒီတော့ နိုင်ငံရေးပြသနာကို မရှင်းရင် စီးပွား ရေး ပြဿနာ မပြေလည်နိုင်ဘူး” ဟု မေရီက ဆိုသည်။

လက်ရှိတွင် စစ်တပ်က ရွှေထုတ်ရောင်းမည်ဟု ကြေညာခြင်း၊ ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀၀ ရောင်းပေးမည်ဟု ဆိုခြင်းများသည် ရေတိုကိုသာ ကျဆင်းစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ လုပ်ရိုးလုပ်စဉ် လမ်းဟောင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုဖြေရှင်းနည်းက လမ်းဟောင်းပဲ။ ရွှေကုန်သည် ၊ ဒေါ်လာဝယ်/ရောင်း ဖမ်းမယ်။ သတ္တုတွင်းက ရွှေရောင်းမယ် ကြေညာမယ်။ ဗဟိုဘဏ်က ဒေါ်လာ ရောင်းပေးမယ် ကြေညာတယ်။ အဲဒါ အစဉ် အဆက် လုပ်ခဲ့တဲ့ လမ်းဟောင်း။ န၀တ/ နအဖခေတ်တစ်လျှောက် လုံး ဒီလိုပဲ လုပ်ရင်းနဲ့ပဲ ကျပ်ငွေ တန်ဖိုးက ကျလာခဲ့တာ။ ဗဟိုဘဏ်ဆိုတာ Macroeconomics လုပ်ရတာ။ အခု ဗဟိုဘဏ်က လုပ်နေတာက Microeconomics လုပ်နေတာ”ဟု မေရီက ဆက် လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article