ရန်ကုန်၊ စက်တင်ဘာ ၂
ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဩဂုတ်လအတွင်း၌ တိုက်ပွဲပေါင်း ၄၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်သား ၄၀ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်သည် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီသည် အများပြည်သူနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံး ၃၂ လုံး ကျဲချခြင်းနှင့် လက်နက်ကြီးဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရကာ ဆေးပေးခန်း ၁ လုံးနှင့် နေအိမ် ၉ လုံး ပျက်စီးသွားကြောင်း သိရှိရသည်။
ကရင်နီတပ်မတော် KA အပါအဝင် ကရင်နီပူးပေါင်းတပ်ဖွဲ့သည် ဒီးမော့ဆိုမြို့နယ်၊ သေဆူးလဲ ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကိုလည်းကောင်း၊ မတ်စလောင်းတောင်စခန်း၊ ပွန်ချောင်းအနီးရှိစခန်း၊ ငွေတောင် ခလရ ၁၀၂ ကင်းပုန်း၊ ဖယ်ခုံ၊ လွယ်ဝှဲမြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ စစ်သား ၄ ဦး CDM ပြုလုပ် အလင်းဝင်လာကြောင်း KNDF က ထုတ်ပြန်သည်။
အလားတူ ဩဂုတ်လအတွင်း၌ ဖရူဆို-ဒီးမော့ဆို လမ်းပိုင်းတွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် KA၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါတပ်ဖွဲ့၊ KNDF စနိုက်ပါတပ်ဖွဲ့၊ အလယ်ပိုင်းတိုင်း ၁၁၀၁ တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ အရာရှိ၊ စနိုက်ပါသမား၊ စက်လက်ပစ်သမား အပါအဝင် အများအပြား သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – KNDF တပ်ဖွဲ့ဝင်တစ်ဦး (ပုံအဟောင်းဖြစ်ပါသည်)