25 C
Yangon

မြန်မာဖက်စစ် စစ်တပ် သို့မဟုတ် ဒေသတွင်းနိုင်ငံများထိပါ မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေသည့် အကြမ်းဖက်စစ်တပ်

Must read

By Ye Myo Hein & Lucas Myers

အစဉ်အလာမှ သွေဖီသော ဥပဒေမဲ့နိုင်ငံတစ်ခု ဖြစ်လာသည့် မြန်မာစစ်ကောင်စီ

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်အုပ်စုသည် ၎င်းကိုမလိုလားသည့် နိုင်ငံတကာအသိုင်းအဝိုင်းအကြားတွင် အာဏာရှင်အိမ်နီးချင်းများဖြစ်သော တရုတ်နှင့်ထိုင်းကဲ့သို့ မိတ်ဆွေနိုင်ငံမျိုး ရရှိအောင် ကြိုးပမ်းရှာဖွေလျက်ရှိသော်လည်း အဝေး၌တည်ရှိသော အစဉ်အလာသွေဖီရေးနိုင်ငံများနှင့်လည်း ဆက်ဆံရေး အထူးကောင်းမွန်နေပုံရသည်။

အရေးယူပိတ်ဆို့ခံထားရသော အီရန်နိုင်ငံမှ လျှို့ဝှက်လေကြောင်းခရီးစဉ်များ နေပြည်တော်သို့ ဆိုက်ရောက်လျက်ရှိကြောင်း သတင်းရရှိသလို ဖျက်အားပြင်း ဒုံးကျည်ထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ စစ်တပ်နှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးများ ပြန်လည်အစပျိုးလျက်ရှိသည်ဟု အချို့က ပြောဆိုသည်။

နယူကလီးယားနှင့်ပတ်သက်၍ ဆန္ဒတစ်စုံတစ်ရာ ရှိနေသေးပုံရသော အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက သွားရောက်ခဲ့သော ရုရှား ခရီးစဉ်အတွင်း အနုမြူစွမ်းအင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ရုရှားအစိုးရပိုင် နယူကလီးယားကုမ္ပဏီဖြစ်သည့် ရိုဆာတမ်နှင့် နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။

တရုတ်နိုင်ငံမှာမူ မြန်မာနိုင်ငံနှင့် ကာလတာရှည် ရှုပ်ထွေးသော ဆက်ဆံရေးသမိုင်းကြောင်း ရှိနေပြီး လက်တွေ့အားဖြင့် ပေကျင်းက စစ်ကောင်စီကို ထောက်ခံအားပေးသည်။ အာဏာလက်ရှိပုဂ္ဂိုလ်များနှင့် ဆက်ဆံရေးထိန်းသိမ်းလိုသည့် ၎င်း၏ရေရှည်ရည်မှန်းချက်ကို ထင်ဟပ်လျက် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို “အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း” အဖြစ် တရုတ်က အလျင်အမြန်ပင် ခပ်ပေါ့ပေါ့တုံ့ပြန်ခဲ့သလို ဖြစ်ပေါ်လာသည့် အကြပ်အတည်းကိုလည်း “ပြည်တွင်းရေးကိစ္စများသာ” ဖြစ်ကြောင်းပြောဆိုခဲ့သည်။

“အခြေအနေများ မည်သို့ပင်ပြောင်းလဲသွားစေကာမူ အချုပ်အခြာ အာဏာတည်မြဲရေး၊ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့အောင် ကာကွယ်စောင့်ရှောက်ရေးတွင်လည်းကောင်း၊ နိုင်ငံ့အခြေအနေနှင့် သင့်တော်သည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရှာဖွေရေးတွင်လည်းကောင်း၊ တရုတ်က မြန်မာကို ကူညီသွားမည်ဖြစ်ကြောင်း” စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကပြောဆိုခဲ့ဖူးသည်။ အပြန်အလှန်အားဖြင့် အမေရိကန် အောက်လွှတ်တော် ဥက္ကဌနန်စီပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဉ်အတွင်း တရုတ်၏ရပ်တည်ချက် သဘောထားကိုထောက်ခံကြောင်း စစ်တပ်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

သို့သော် အပေါ်ယံမျက်နှာပြင်အောက်တွင် တရုတ်နှင့်စစ်တပ်အကြား ဆက်ဆံရေးမှာ ပိုမိုရှုပ်ထွေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အတိတ်ကအဆက်အသွယ် ရှိခဲ့မှုများ၊ နယ်စပ်တစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင်များကို လျှို့ဝှက်ကူညီနေမှုများကြောင့် စစ်ကောင်စီအဖွဲ့ဝင်အများအပြားသည် ဘေဂျင်းအပေါ် ယုံကြည်မှုမရှိဘဲ ဖြစ်နေသည်။ သို့ဖြစ်၍ “အခြေအနေများ မည်သို့ပြောင်းလဲသွားပါစေ၊ ကူညီမည်” ဟူသော တရုတ်၏ကတိစကားသည် ခိုင်မာကောင်းမှ ခိုင်မာမည်ကို စိုးရိမ်လျက် စစ်ကောင်စီက ဘေဂျင်းကို ခပ်ခွာခွာသာ ဆက်လက်ဆက်ဆံနေသည်။

ထို့အပြင် အမေရိကန်၏ လုံခြုံရေးအစီအစဉ်၊ မဟာမိတ်ဖွဲ့မှု၊ လစ်ဘရယ်တန်ဖိုး စသည်တို့နှင့် စပ်လျဉ်း၍ အစဉ်အလာမှသွေဖီမှုကို တရုတ်ကလိုလားသော်လည်း အခြားတစ်ဖက်တွင်မူ ဘေဂျင်းအနေဖြင့် တည်ငြိမ်မှုကိုလည်း အလိုရှိနေသည်။ နိုင်ငံတကာ အခင်းအကျင်း၏ အကျိုးကျေးဇူးများဖြစ်သော စီးပွားရေးပေါင်းစည်းမှု၊ ကုန်သွယ်ရေးနှင့် အပြန်အလှန်ချိတ်ဆက်မှုများကို အနှောင့်အယှက်မရှိ ဆက်လက်ခံစားဆောင်ရွက်နိုင်ရန် အလို့ငှာ မိမိမနှစ်သက်သည့် ရုန်းရင်းဆန်ခတ်မှုများကိုလည်း အခြားတစ်ဖက်တွင် ဘေဂျင်းက ရှောင်ရှားလိုသည်။

တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရေးကြိုးပမ်းရာတွင် အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်ကြိမ်တိုင် သွားရောက်လည်ပတ်ခဲ့သည့် ရုရှားသည် တစ်ခုတည်းသော အားကိုးစရာနိုင်ငံ ဖြစ်သည်။ ဘေဂျင်း၏ ဒေသအခင်းအကျင်း ရပ်တည်ချက်အတွက် စစ်ကောင်စီက အစဉ်အလာသွေဖီရေး အကောင်းဆုံးသဘောထားများဖြင့် ဖြည့်ဆည်းပေးနေသော်လည်း စစ်တပ်သည် မော်စကိုထက် ဘေဂျင်းကို ပိုမိုသဘောကျသည်ဟူ၍ကား မဆိုနိုင်ပေ။

မြန်မာစစ်တပ်အတွက် လက်နက်အများအပြား ထောက်ပံ့ခြင်းအပြင် ဒေါ်လာဘီလီယံနှင့်ချီသော ရင်းနှီးမြှုပ်နှံမှုများကို တရုတ်က ပံ့ပိုးပေးနိုင်သော်လည်း ရုရှားသည် မင်းအောင်လှိုင်၏ အနှစ်သက်ဆုံး မိတ်ဆွေနိုင်ငံဖြစ်နေသည်မှာ ထင်ရှားသည်။ သို့ဖြစ်၍ မြန်မာ-ရုရှား ဆက်ဆံရေးကို တရုတ်နှင့် ပတ်သက်ဆက်နွယ်မှုများနှင့် သီးခြားကွဲပြားစွာ ရှုမြင်သုံးသပ်နိုင်သည်။

မော်စကို၏ ယူကရိန်းကျူးကျော်မှုအပေါ် စစ်ကောင်စီ၏ သံကုန်ဟစ်ထောက်ခံနေမှုကိုကြည့်၍ ရုရှားနှင့် စစ်ကောင်စီအကြား မိတ်ဖက်ပူးပေါင်းမှုအနေအထားကို သိရှိနိုင်သည်။ ဗွီအိုအေအသံလွှင့်ဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် “ရုရှားနိုင်ငံဟာ မိမိအချုပ်အခြာအာဏာ တည်မြဲရေးအတွက် ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒါ မှန်ကန်တဲ့လုပ်ရပ်လို့ ကျွန်တော်ယူဆပါတယ်” ဟု စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့သည်။

စစ်ကောင်စီ၏ရပ်တည်ချက်သည် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ နေရာကို ထိန်းချုပ်ထားသော ဒီမိုကရေစီလိုလားသည့် အမျိုးသားညီညွတ်ရေးအစိုးရ အတိုက်အခံအဖွဲ့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သဘောထားနှင့် သိသိသာသာကွဲလွဲလျက်ရှိသည်။

အာဏာရှင်နိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားသည် ရုရှားကိုပြစ်တင်ရှုတ်ချသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဆိုင်ရာ အစည်းအဝေးကို ပူးတွဲဦးဆောင်ကျင်းပခဲ့သလို မော်စကို၏ ရင်းနှီးသောမဟာမိတ်ဖြစ်သည့် ဗီယက်နမ်နိုင်ငံသည်လည်း ပူတင်၏စစ်ပွဲကို ထောက်ခံပြီး အဆိုပါဆုံးဖြတ်ချက်ကို “ကန့်ကွက်မဲ” ပေးမည့်အစား မဲမပေးဘဲ ကြားနေသည့်လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။

အစဉ်အလာသွေဖီသူများအပေါ် ကျေးဇူးတင်ရှိနေသလို မိမိရပ်တည်မှုအတွက် ပြည်တွင်းစစ်ကို ဆင်နွှဲနေရပြီး အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် မိမိ၏ အမြင်ကျဉ်းမြောင်းသော အကျိုးစီးပွားအတွက် လက်ရှိနိုင်ငံတကာအခင်းအကျင်းကို ယိုင်နဲ့စေမည့် မူဝါဒများကို ထောက်ခံအားပေးလိုခြင်း ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ရရှိသည်။ ဤအချက်သည် ယခင် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ၏ အထီးကျန်နေရေးမူဝါဒနှင့် ကွဲလွဲသည်။

အင်အားရှိသော နိုင်ငံပေါင်းစုံ ဖြစ်ပေါ်လာခြင်း၊ အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းအပြင် စစ်တပ်၏ အစွန်းရောက်လာမှုကို ထင်ဟပ်လျက် နိုင်ငံတကာ အခင်းအကျင်းအပေါ် အစဉ်အလာမှသွေဖီရေး ရပ်တည်ချက်များကို စစ်ကောင်စီက လက်ခံကျင့်သုံးလာခြင်းဖြစ်ဖွယ်ရှိသည်။ ၎င်းမှာ ဒေသအတွက် အထူးသဖြင့် အာဆီယံအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

အရှေ့တောင်အာရှ အကျိုးစီးပွားကို နိုင်ငံစုံ ဘက်စုံပြိုင်ဆိုင်မှုရှိသော ပတ်ဝန်းကျင်၌ ရှင်သန်ထွန်းကားအောင် ကြိုးပမ်းရုန်းကန်နေရသော အာဆီယံအဖွဲ့အတွက် အစဉ်အလာမှ ပွင့်ပွင့်လင်းလင်း သွေဖီနေသည့် မြန်မာစစ်ကောင်စီသည် အဆိပ်ဆေးတစ်လုံးသဖွယ်ဖြစ်သည်။ အမှန်စင်စစ် ယေဘုယျသဘောအရ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မည်သည့်အင်အားကြီးနိုင်ငံနှင့်မျှ ဆက်ဆံရေးမပျက်ပြားရအောင် မျှတပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို လက်ခံကျင့်သုံးကြသည်။

ကမ္ဘောဒီးယားက ဘေဂျင်းဘက်သို့လည်းကောင်း၊ စင်္ကာပူနှင့် ဗီယက်နမ်က ဝါရှင်တန်ဘက်သို့လည်းကောင်း၊ အနည်းငယ် ယိမ်းယိုင်မှု ရှိငြားသော်လည်း အဆိုပါမူဝါဒက အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဆက်ဆံရေးလမ်းကြောင်းများကို အမြဲဖွင့်ထားကာ ကြီးမားသည့် အာဏာလွန်ဆွဲပွဲတွင် မည်သည့်ဘက်မှ မလိုက်ဘဲ ရပ်တည်လျက်ရှိသည်။

သို့သော် မြန်မာစစ်ကောင်စီသည် အာဆီယံမူဝါဒမှသွေဖီလျက် ဥပဒေမဲ့အစိုးရများကိုအားပေးခြင်း၊ အရှေ့တောင်အာရှနိုင်ငံများအတွက် အလွန်အရေးကြီးသော နယ်မြေအချုပ်အခြာ အာဏာပိုင်မှုကဲ့သို့ နိုင်ငံတကာစံနှုန်းများကို ပယ်ချခြင်း၊ အစဉ်အလာမှ သွေဖီရေးနိုင်ငံများ၏ ထောက်ခံမှုရရှိရေး မည်သည့်အရာမဆို ဆောင်ရွက်ရန် လိုလားခြင်း စသည်တို့ကို ပြုမူလာခဲ့သည်။ အာဆီယံအဖွဲ့အတွင်း မြန်မာကို အပြည့်အဝပြန်လည်လက်ခံပါက အဖွဲ့ကိုအနှောင့်အယှက်ပေးကာ ရုရှားနှင့်တရုတ်တို့၏ အကျိုးစီးပွားအတွက် လှုံ့ဆော်ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်လာပေလိမ့်မည်။

အရှေ့တောင်အာရှဒေသ၏ ဗဟိုအချက်အခြာစင်မြင့်အဖြစ် ညီညွတ်သောအဖွဲ့ကို တည်ဆောက်ရန် မျှော်မှန်းထားသော အာဆီယံအတွက် ဒေသအတွင်းဩဇာလွှမ်းမိုးရေး တရုတ်၊ အမေရိကန်နှင့် အခြားနိုင်ငံများက အလုအယက် ကြိုးပမ်းနေသည့် ယခုလိုအချိန်မျိုးတွင် မြန်မာနိုင်ငံသည် အာဆီယံကို တစ်စထက်တစ်စ ပိုမိုလမ်းချော် တိမ်းစောင်းသွားစေမည့် အဓိကထိုးနှက်ချက်တစ်ရပ်ပင် ဖြစ်သည်။

စစ်ကောင်စီအောင်ပွဲနှင့် အလွန်အကျွံ မဖြစ်အောင် ထိန်းလာမည့် မျှော်လင့်ချက်အတုများ

စစ်ကောင်စီ၏ မတည်မငြိမ်ဖြစ်စေမှု၊ အစဉ်အလာသွေဖီမှုများရှိနေလင့်ကစား ဒေသတွင်းရှိ အိန္ဒိယ၊ ထိုင်း၊ အာဏာရှင်ဆန်သည့် အခြားအာဆီယနိုင်ငံများအပြင် သတိကြီးကြီးထားနေဆဲဖြစ်သော ဩစတြေလျနှင့် ဂျပန်နိုင်ငံများသည် စစ်ကောင်စီကို အရေးယူပိတ်ဆို့ခြင်း သို့မဟုတ် ဒီမိုကရေစီကို ထောက်ခံအားပေးခြင်းများ ဆောင်ရွက်ရန် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့လောက် စိတ်အားထက်သန်မှုမရှိဘဲ စစ်ကောင်စီနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားလိုကြသည်။

လက်တွေ့တွင်လည်း မြန်မာစစ်တပ်သည် အားကြီးသောအဖွဲ့အစည်း (အင်စတီကျူးရှင်း)တစ်ခု ဖြစ်သဖြင့် ပြည်တွင်းစစ်တွင် အတိုက်အခံများအပေါ် အင်အားဖြင့် အဆုံးသတ်အနိုင်ရသွားမည်ဟု နိုင်ငံများအကြား သမရိုးကျ ယူဆချက်တစ်ခုလည်း ရှိသည်။ သို့ဖြစ်၍ စစ်တပ်ကို ဆန့်ကျင်သော လူထုအုံ့ကြွမှုရှိစေကာမူ အဆိုပါနိုင်ငံများသည် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေးကို အမြဲဆက်လက် ထိန်းသိမ်းထားနေကြသည်။

ထို့အပြင် ထိန်းချုပ်မှုအားကောင်းလာသည်နှင့်အမျှ စစ်ကောင်စီ၏ အပြုအမူများ ပိုမိုတိုးတက်လာကာ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုအပြီး နိုင်ငံတကာတရားဝင်မှု ရရှိလာသည့် ထိုင်းနိုင်ငံ၏ပုံစံမျိုးကဲ့သို့ပင် မြန်မာနိုင်ငံသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ လာလိမ့်မည်ဟုလည်း အများအပြားက မျှော်လင့်ထားကြသည်။

ဤအယူအဆမျိုးကို ဘေဂျင်း၏သဘောထားများ၌ပါ တွေ့ရှိရပြီး စစ်အုပ်စုနှင့် အစဉ်အဆက်ပတ်သက်မှုများထက် လက်တွေ့ခန့်မှန်းတွက်ဆမှုများအပေါ်သာ တရုတ်မူဝါဒများကိုအခြေခံထားသည်။ ဤအချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ၏ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးအတွက် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်ကိုကြည့်၍ အကောင်းဆုံးသိရှိနိုင်ပြီး အဆိုပါခရီးစဉ်အတွင်း ဝမ်ရီသည် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တစ်ဦးချင်းတွေ့ဆုံခဲ့ခြင်းကား မရှိခဲ့ပေ။

တရုတ်က စစ်ကောင်စီကို ထောက်ခံနေခြင်းမှာ နက်ရှိုင်းစွာအမြစ် တွယ်‌နေသော မည်သည့်သစ္စာစောင့်သိမှုမျိုးကြောင့်မျှ မဟုတ်ဘဲ မြန်မာနိုင်ငံကို တည်ငြိမ်အောင် လုပ်နိုင်သူမှာ ၎င်းတို့တစ်ဖွဲ့တည်းသာ ရှိသည်ဟူသော စစ်တပ်၏ပြောဆိုမှုကို တရုတ်က ယုံကြည် လက်ခံထားခြင်းကြောင့်ဖြစ်သည်။ ယခုအနေအထားတွင် ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးမှာ ဖြစ်နိုင်ချေမရှိဘဲ စစ်ကောင်စီပြိုလဲသွားပါက ၎င်း၏နယ်စပ်တွင် ကျရှုံးနိုင်ငံတစ်ခုသာ ပေါ်ထွန်းလာလိမ့်မည်ဟု တရုတ်ကသုံးသပ် ခန့်မှန်းထားသည်။

စစ်ကောင်စီသည် အလွန်အကျွံမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းဖြစ်လာပြီး အခြေအနေကို ထိန်းချုပ်လာနိုင်မည်ဟု ဘေဂျင်းကဖြစ်စေ၊ အခြားနိုင်ငံတစ်ခုခုက ဖြစ်စေ သုံးသပ်ခန့်မှန်းချက်များသည် မှန်ကန်မှုမရှိပေ။

ပထမတစ်ချက်မှာ နိုင်ငံကျရှုံးမည့်အရေးကို စစ်ကောင်စီက အောင်မြင်စွာ ဟန့်တားနိုင်ခြင်း သို့မဟုတ် အစဉ်အလာမှသွေဖီမှုများကို ဆင်ဆင်ခြင်ခြင် ထိန်းသိမ်းခြင်းတို့ ဖြစ်ပေါ်လာလျှင်ပင် အနောက်အုပ်စုက ၎င်းတို့၏ ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ရုပ်သိမ်းသွားဖွယ်မရှိပေ။ ဒုတိယနှင့် ပို၍အရေးကြီးသည့်အချက်မှာ နေပြည်တော်မှစစ်ကောင်စီသည် နိုင်ငံကိုပြန်လည်ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း တစ်စထက်တစ်စ ပိုမိုထင်ရှားလာနေခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲများကျင်းပရန် ကတိပြုထားလင့်ကစား စစ်ကောင်စီသည် တိုင်းပြည်တွင် ဒီမိုကရေစီတစ်ခေတ် ပြန်လည်ရှင်သန်ရေးကို ခွင့်ပြုနိုင်ဖွယ်မရှိဘဲ အရပ်သားများကို ရက်စက်စွာအကြမ်းဖက်၍ စစ်အုပ်ချုပ်ရေးမှအပ အခြားမည်သည့် အာဏာပိုင်ကိုမျှ လက်မခံသည့်အချက်က မြန်မာပြည်သူအများစု၏ မကျေနပ်မှုများကို တိုးပွားစေကာ စစ်အုပ်ချုပ်ရေးကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။

ပို၍အတိအကျဆိုရလျှင် စစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာကို မည်သည့်အခါကမျှ ထိန်းချုပ်နိုင်ခဲ့ဖူးခြင်း မရှိပေ။ ၎င်းသည် မတည်ငြိမ်မှုများဖြစ်ပေါ်ရာနှင့် အခြားဒေသများသို့ ကူးစက်ပြန့်ပွားရာ ပင်မရင်းမြစ်အဖြစ် ကြိုမြင်နိုင်သော အနာဂတ်ကာလတစ်ခုအထိ ဆက်လက်တည်ရှိနေမည်ဖြစ်သလို စစ်ကောင်စီ၏ ရုရှားကို သိသိ သာသာပိုမိုလိုလားခြင်း၊ ဘေဂျင်းအပေါ် မယုံကြည်ခြင်းများကြောင့် လက်ရှိနိုင်ငံတကာ အခင်းအကျင်းကို မနှစ်မြို့သော၊ ၎င်းအခင်းအကျင်းမှ သွေဖီလိုသောစစ်ကောင်စီသည် တရုတ်အပါအဝင် ဒေသတွင်း နိုင်ငံများအတွက် စိုးရိမ်စရာအနေအထားတစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဒေသအတွင်းနှင့် ဒေသပြင်ပရှိ မူဝါဒချမှတ်သူများအနေဖြင့် မြန်မာ့တည်ငြိမ်မှုအတွက် အတားအဆီး အဟန့်အတားဆိုသည်မှာ မြန်မာစစ်တပ်ကိုယ်တိုင်ဖြစ်နေသည်ကို သဘောပေါက် နားလည်သင့်သည်။ မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများအပေါ် ခြိမ်းခြောက်မှုသည် အနောက်တိုင်း ဩဇာလွှမ်းမိုးမှုမှသော်လည်းကောင်း၊ အများပြည်သူ သဘောထားမှသော်လည်းကောင်း၊ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ တိုင်းပြည်၏ ပင်မ မတည်ငြိမ်မှုရင်းမြစ်ဖြစ်သော စစ်တပ်မှသာ ပေါက်ဖွားလာခြင်း ဖြစ်သည်။

သို့ဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပိုမိုပွင့်လင်းစွာချိတ်ဆက်ခြင်း၊ စစ်ကောင်စီအပေါ် ထိန်းချုပ်မှုများတိုးမြှင့်ခြင်း၊ ဗိုလ်ချုပ်ကြီးများအတွက် နိုင်ငံတကာထောက်ခံမှု လျှော့ချခြင်းတို့သည် ဘေဂျင်းကို ပိုမိုအကျိုးဖြစ်ထွန်းစေလိမ့်မည် ဖြစ်သည်။ လက်ရှိအချိန်တွင် ဖရိုဖရဲဖြစ်နေသော စစ်ကောင်စီ၏ အန္တရာယ်ရှိသောအဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ချေ အနေအထားကို ကိုယ်တွယ်ရန် အာဆီယံသည် ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး၊ ဘုံသဘောတူညီမှု ရရှိရေးဟူသော အခြေခံမူများကို မချိုးဖောက်လိုသည့် အခက်အခဲကို ကျော်လွှားနိုင်ရေး ကြိုးပမ်းရမည် ဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ ဖြစ်သော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ တိုက်ရိုက်မေတ္တာ ရပ်ခံချက်ကို ပယ်ချ၍ ဒီမိုကရေစီလှုပ်ရှားသူ ၄ ဦးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ကွပ်မျက်ခဲ့ခြင်းကိုကြည့်၍ အာဆီယံ၏ စိုးရိမ်မှုများ၊ လိုအင်ဆန္ဒများကို စစ်တပ်ကဆက်လက်၍ လျစ်လျှူရှုနေမည်မှာ အသေအချာဖြစ်သည်။

ဩစတြေလျ၊ ဂျပန်နှင့် အိန္ဒိယအပါအဝင် ဒေသပြင်ပနိုင်ငံများအနေဖြင့် မည်မျှပင်သေးငယ်သော ပမာဏဖြစ်စေကာမူ စစ်အုပ်စုအတွက် တံခါးဖွင့်ထားခြင်းသည် လက်တွေ့ကျသော မူဝါဒမဟုတ်ဘဲ ဒေသတည်ငြိမ်ရေးနှင့် ၎င်းတို့၏အကျိုးစီးပွားကို ဆိုးဆိုးဝါးဝါးထိခိုက်လာမည့် အန္တရာယ်ရှိနေကြောင်း နားလည်သဘောပေါက်သင့်ကြသည်။ အမေရိကန်နှင့် အီးယူအပါအဝင် စစ်တပ်အပေါ် ကြီးမားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုသည့် အနောက်နိုင်ငံများအနေဖြင့်လည်း မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက် ထောက်ခံကူညီမှုများကို ယခုထက် ပိုမို၍တိုးတက်ဆောင်ရွက်ပေးနိုင်ရကြမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် မဆုံးသောပြဿနာများဖြင့် သပွက်အူပမာ အလွန်ရှုပ်ထွေးသော ကာလရှည်ပြည်တွင်းစစ်ကြီးတစ်ခု၏ အလယ်တည့်တည့်တွင် ရောက်ရှိနေသည်။ ဒီမိုကရေစီလှုပ်ရှားမှုနှင့် ၎င်းလှုပ်ရှားမှုကို ဦးဆောင်နေသည်ဟုဆိုသော အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်ကို အောင်ပွဲဆင်နိုင်မည် သို့မဟုတ် နိုင်ငံကိုစုစည်းနိုင်မည်ဟူသော သေချာသည့်အာမခံချက်မျိုး မရှိပေ။ ထို့အတူ မြန်မာပြည်သူအားလုံးက လက်ခံမည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ခုကို တည်ဆောက်ခြင်းအားဖြင့် ယခင်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်ကို ပြန်လည်ကုစားမည့် ၎င်းတို့၏ကတိကဝတ်များ အောင်မြင်ရန်မှာလည်း သေချာမှုမရှိပေ။

သို့သော် မြန်မာနိုင်ငံ၏ ဆူပွက်နေသောတော်လှန်ရေးကို ယာယီဖုံးကွယ်နိုင်ရေး စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုများ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံတစ်ခု ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ၊ ပဋိပက္ခများ ပျံ့ပွားကူးစက်ခြင်းအားဖြင့်လည်းကောင်း၊ အာဏာရှင်၏ အစဉ်အလာမှ သွေဖီရေးဝါဒ အကျိုးဆက်အားဖြင့်လည်းကောင်း၊ မြန်မာစစ်ကောင်စီသည် ဒေသတည်ငြိမ်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်မှာ အသေအချာဖြစ်သည်။ ထို့ကြောင့် အခြေအနေများ ထိန်းမနိုင်သိမ်းမရဖြစ်ကာ ယခုထက် ပိုမိုဆိုးဝါးမလာစေရန် စစ်တပ်အုပ်ချုပ်မှုအား ဆန့်ကျင်တွန်းလှန်ရေးကို မြန်မာ့အိမ်နီးနားချင်းနိုင်ငံများက ပထမဦးစားပေး ဆောင်ရွက်သင့်ကြသည်။

(ယခုဆောင်းပါး၏ ပထပပိုင်းကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်)။
https://www.facebook.com/385165108587508/posts/1585111171926223/?d=n

(Wilson Center ၏ အာရှရေးရာအစီအစဥ်တွင် ဖော်ပြထားသော Ye Myo Hein နှင့် Lucas Myers တို့၏ “Myanmar’s Military is a Regional Destabilizer” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article