ရန်ကုန်၊ စက်တင်ဘာ ၂
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားလျှင် ၂၉ သိန်းနီးပါးဖြင့်လည်းကောင်း၊ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၃၀၀ ဝန်းကျင်ဖြင့်လည်းကောင်း စျေးဖွင့်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယမန်နေ့က ရွှေစျေးနှုန်းသည် သိန်း ၃၀ ဝန်းကျင်၊ အမေရိကန်ဒေါ်လာစျေးမှာမူ ငွေကျပ် ၃၅၀၀ ဝန်းကျင် စျေးပေါက်ခဲ့ပြီး ယနေ့တွင်မူ အခေါက်ရွှေတစ်ကျပ်သား ၂၉ သိန်း နီးပါး၊ အမေရိကန်တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင် စျေးပေါက် နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပြည်တွင်းရွှေစျေးကျတာက နှစ်ချက်။ တစ်ခုက ကမ္ဘာ့စျေးကျတယ်။ ကမ္ဘာ့စျေးက ရွှေတစ်အောင်စကို ဒေါ်လာ ၁၆၉၅ လောက်အထိကို မနေ့က ကျတယ်။ အခု ရွှေတစ်အောင်စ ဒေါ်လာ ၁၇၀၁ ပြန်တက်လာနေတယ်။ နောက်တစ်ခါ ဒေါ်လာနဲ့ ကျပ်ငွေလဲလှယ်နှုန်းမှာ ဒေါ်လာတန်ဖိုး နည်းနည်းကျတယ်။ အဲဒီတော့ မြန်မာ့ရွှေစျေးက ကျသွားတယ်။ ၂၉ သိန်း အောက်မှာပဲရှိတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာကျပ်ငွေနှင့် ဒေါ်လာ လဲလှယ်နှုန်းထားမှာ တစ်ဒေါ်လာလျှင် ၃၂၀၀ ကျပ်မှ ၃၄၀၀ အကြား စျေးနှုန်း ရောင်းသူ၊ ဝယ်သူ ညှိနှိုင်းရောင်းဝယ်ကြကြောင်း၊ ပမာဏ များများ ဝယ်လိုသူရှိသော်လည်း ရောင်းသူ နည်းပါးကြောင်း ရန်ကုန်ဒေါ်လာဝယ်ရောင်းသမားက ပြောသည်။
“ဒေါ်လာက အခုက ၃၃၀၀ တစ်ပတ်ချာလည်ပဲ။ စျေးဖွင့်တာ။ အရောင်းအဝယ်ကတော့ အများကြီး လာထုတ်ရောင်း တာမျိုးတော့ မရှိဘူး။ ပစ္စည်းရရင် ပေးပါ ဝယ်မယ်ဆိုတာမျိုး အမှာတော့ တက်တယ်။ ကြိုကြိုကြားကြား ဝယ်တာက လေယာဉ်လက်မှတ်ဝယ်မယ့်သူ ၊ စားမေးပွဲဖြေမယ့် ကျောင်းသားကျောင်းသူတွေ ဝယ်ကြတယ်။ နိုင်ငံခြား ထွက်မယ့်သူပေါ့။ များများစားစား ရင်းနှီးမြှုပ်နှံတဲ့ဟာမျိုးတွေအတွက်တော့ ပစ္စည်းမရှိဘူး” ဟု ရန်ကုန် ဒေါ်လာဝယ်ရောင်းက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရောင်းချပေးမည်ဟုလည်းကောင်း၊ ရွှေဒင်္ဂါးများ ရောင်း ချ ပေးမည်ဟု လည်းကောင်း ကြေညာ ချက်များ ဆက်တိုက်ဆိုသလို ထုတ်ပြန်လျက်ရှိသည်။