ရန်ကုန်၊ စက်တင်ဘာ ၂
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၅၉၃ တပ်ရင်းမှ တပ်သား သန့်ဇင်အောင်သည် လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
အသက် ၂၅ နှစ်အရွယ်ရှိ သန့်ဇင်အောင်သည် MA3 သေနတ် ၁ လက်၊ ကျည် ၁၇၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အကြမ်းဖက်စစ်ကောင်စီမှာ အမှုထမ်းဆောင်နေတဲ့အချိန်မှာ အထက်အရာရှိများက လက်အောက်ငယ်သားများအပေါ် မတရား ဖိနှိပ်ချုပ်ချယ်တယ်။ ခွဲခြားဆက်ဆံတယ်။ ရှေ့တန်းထွက်တဲ့အချိန်မှာ အစားအစာဝဝလင်လင် မစားရဘူး။ အထက်အရှိများများက စားချင်တာစားလို့ရတယ်။ ကျွန်တော်တို့ကတော့ တစ်ရက်ထမင်း စားတယ်၊ နောက်တစ်ရက်မှာ ဆန်ပြုတ် စားရတယ်။ ကျွန်တော်မခံနိုင်တော့လို့ ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ တယ်၊ တပ်မဟာ (၅) ရောက်တော့ အရာရာရှိရော၊ ရဲဘော်တွေရော ကျွန်တော့်ကို ညီအစ်ကို မောင်နှမလိုပဲ ဆက်ဆံတယ်၊ မခွဲခြားဘူး၊ အဝတ်အစားတွေ ဝယ်ပေးတယ်၊ ထမင်းလည်း အဝစားရတယ်၊ ကျွန်တော် ဝမ်းလည်းသာတယ်၊ ကျေနပ်တယ်၊ ပျော်တယ်။” ဟု သန့်ဇင်အောင်က ပြောဆိုကြောင်း မူတြော်သတင်းစဉ်က ဖော်ပြသည်။
တပ်သား သန့်ဇင်အောင်ကို KNU တပ်မဟာ ၅ က ဂုဏ်ပြုငွေ သိန်း ၂၀ ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
“ကျနော့်ရဲ့ ရှေ့ဆက်ရည်မှန်းချက်က တပ်မဟာ (၅) ကနေပြီး ထိုင်းနိုင်ငံဖက်ကို အလုပ်သွားရှာမယ်၊ ကျွန်တော်အလုပ်ရပြီး ငွေစုပြီးတော့ ကျွန်တော့်အမေကိုပြန်ထောက်ပံ့မယ်” ဟု တပ်သား သန့်ဇင်အောင်က ပြောဆိုကြောင်း မူတြော်သတင်းစဉ်က ယနေ့ ထုတ်ပြန်သည်။
ဓါတ်ပုံ – KNU တပ်မဟာ ၅ ထံ လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာသည့် ခမရ ၅၉၃ မှ တပ်သား သန့်ဇင်အောင်