ရန်ကုန်၊ စက်တင်ဘာ ၂
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် မှတ်ပုံတင်၊ ဝန်ထမ်းကတ် ကဲ့သို့ အ ထောက် အထား မပါသူမှန် သမျှ သွားလာခွင့်မရဘဲ တစ်မြို့လုံးကို စစ်တပ်က ပိုက်စိတ်တိုက် စစ်ဆေးလျက်ရှိကြောင်း သန်လျင်မြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်းတွင် စစ်သား ၂ ဦးက အရာရှိနှင့်စစ်သည် ၇ ဦးကို ကင်းစောင့်သည့်ကိစ္စ အချင်းများရာမှ ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး လက် နက်နှင့်အတူ လွတ်မြောက်သွားကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့ တွင် စစ်သား ၁ ဦးကို ဖမ်းဆီးရမိပြီး လက်နက်နှင့်စစ်သား ၁ ဦးမှာမူ လွတ်မြောက်နေဆဲဖြစ်ကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့နှင့် စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်တပ်က သန်လျင်တစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးကြောင်း၊ မှတ်ပုံတင်၊ အထောက်အထားမပါလျှင် မသင်္ကာပါက ဖမ်းဆီးထားပြီး အမျိုးသမီးများကိုမူ နေအိမ်ပြန်ခိုင်းကြောင်း သိရှိရသည်။
“တတ်တူး ရင်ဘက်မှာရှိတဲ့သူတွေအင်္ကျီ ချွတ်ခိုင်းတယ်၊ မက်စ်တွေ ချွတ်ခိုင်းတယ်။ သန်လျင် ၁၈ ကုန်းမှာပါ။ သန်လျင်မြို့တွင်းတောင် မှတ်ပုံတင် အထောက် အထား ကတ်ပါမှ စစ်တပ်က သွားခွင့်ပြုတယ်။ မှတ်ပုံတင်နဲ့ ကျောင်း သားကတ်မပါရင်တော့ အိမ်ပြန်ခိုင်းတယ်။ မသင်္ကာသူဆိုရင် ရိုက်နှက်ဖမ်းတယ်။ ၁၈ ကုန်းထိပ်မှာဆိုရင် စစ်ခွေး ၁၃ ဦး၊ ဘဲဥ ၂ ဦး ပိတ်စစ်နေတယ်။ ၁၈ကုန်းထိပ် ကျိုက်ခေါက်ဘုရားအဆင်း၊ အောင်ချမ်းသာအကြား City Mark နဲ့ 119 အကြားမှာပါ ကားတွေ ပိတ်နေတယ်။ အမျိုးသားတွေ အားလုံး အောက်ဆင်းလျှောက်ခိုင်းတယ်။ YBS ပေါ်က ခရီးသည်တွေလည်း ဆင်းလျှောက်ရတယ်” ဟု သန်လျင်ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်၏ ပိတ်ဆို့ စစ်ဆေးမှုကြောင့် အလုပ်သမားများ၊ ကျောင်းသားများနှင့် ပြည်သူများ အလွန် အခက်အခဲ ဖြစ်နေရပြီး သန်လျင်မြို့တွင်း တစ်နေရာမှ တစ်နေရာ ကားရွေ့ရန်ပင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရကြောင်း သိရှိရသည်။
“အလုပ်သမားတော်တော်များများရန်ကုန်တက်ဖို့ အရမ်းခက်ခဲတယ်။ ဒီနေ့ပိုဆိုးပါတယ်။ ပြည်သူတွေ သွားလာရေး အတော်ကို ဒုက္ခရောက်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။
ထို့ပြင် သန်လျင်မြို့နယ်ရှိ တပ်များအားလုံးတွင် တပ်ပြင်ပ နေထိုင်သူ အားလုံးကို တပ်တွင်းသို့ ပြန်လည်ခေါ်ယူလိုက်ပြီး မည်သူမှ ခွင့်ပြုချက်မရဘဲ တပ်ပြင်မထွက်ရဆိုသော အမိန့်ထုတ်ထားကြောင်း၊ တပ်ပြင်ပ ထွက်ခွင့်ကိုပါ ပိတ်ပင်လိုက်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- သန်လျင် ၁၈ ကုန်းထိပ်တွင် ကားများ ပိတ်ဆို့နေစဉ်။