ရန်ကုန်၊ စက်တင်ဘာ ၂
ကရင်အမျိုးသားအစည်းအရုံး KNU၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်အတွင်း၌ ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ် ၈ လက်အပါအဝင် ခဲယမ်းအချို့ ရရှိကြောင်း သတင်းရရှိသည်။
KNLA တပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့၏ MA အမျိုးအစား သေနတ် ၈ လက် အပါအဝင် ကျည်ဘောက်များ၊ ကျည်ဆံများ၊ ဗုံးသီးများ၊ ဖုန်းများနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဘတ်တံဆိပ်ပါ စစ်ဝတ်စုံ ၂ ခုကို သိမ်းဆည်းရမိသည့် ဓါတ်ပုံ ဗီဒီယိုများကို လူမှုကွန်ရက်တွင် စက်တင်ဘာလ ၂ ရက် ယနေ့ တွေ့မြင်ရသည်။
“တပ်ရင်းမှူးထိုင်တဲ့ စခန်းကို တက်သိမ်းတာလို့ပဲ အကြမ်း သိရတယ်၊ ဘယ်ဒေသကလဲ ဆိုတာ မသိရသေးဘူး။ အချက်အလက် အကုန်ရောက်ရင်တော့ KNU က တရားဝင်ထုတ်ပြန်ပါမယ်” ဟု KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
KNU တပ်မဟာ ၅ နယ်မြေအတွင်း KNLA နှင့် အကြမ်းဖက်စစ်တပ်၊ လက်ပါးစေ BGF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျှက်ရှိသည်။