ရန်ကုန်၊ စက်တင်ဘာ ၃
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ပြွန်တန်ဆာမြို့ မြို့မ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းက ဗုံး ၂ လုံး ပေါက်ကွဲခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
” မြို့မ ၁ ရပ်ကွက် အုပ်ကြီး ရုံးကို ဗုံးခွဲတာလို့ သိရပါတယ်။ ၂ ကြိမ်တောင် အခု အပြင်ထွက်မရတော့ဘူး။ စစ်ခွေးတွေ ပိတ်ထားတယ်။ ထိခိုက်မှု ရှိမရှိလည်း မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ရှိ လောင်းကစားရုံတစ်ခုတွင် ဩဂုတ်လ ၃၁ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က လာရောက်စစ်ဆေးစဉ် ထပ်မံ ဗုံးပေါက်သည့်အတွက် စစ်သားများ ထိခိုက်ဒဏ်ရာရရှိကြောင်း မန္တလေး UG အဖွဲ့ထံမှ သိရှိရသည်။
မန္တလေး ပုသိမ်ကြီးမြို့နယ် 63 A၊ ၁၃၃ နှင့် ၁၃၄ လမ်းရှိ မန်းနီးငါးဂိမ်းဆိုင်တွင် သြဂုတ်လ ၃၁ ရက်နေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်တပ်က လာရောက် စစ်ဆေးစဥ် ထပ်မံ ဗုံးကွဲခဲ့သောကြောင့် စစ်သား ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပကဖ ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုသိမ်ကြီး မြို့နယ် ပကဖ၊ Truth Keeping Force – Amarapura၊ (BRA+ MRTA) Revolutionary Army၊ Generation Z Power Mandalay (GZP) အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပထမ အကြိမ် ဖောက်ခွဲ တိုက်ခိုက်မှုကို ပြည်သူများက ဝိုင်းအုံကြည့်နေသောကြောင့် စစ်တပ် ရောက်ရှိလာချိန်တွင် ဗုံး ၁ လုံးသာ ဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- မန္တလေးတွင် လုံခြုံရေး စောင့်နေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo- AFP။