ရန်ကုန်၊ စက်တင်ဘာ ၃
အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA ကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စက်တင်ဘာလ ၁ ရက်နေ့၌ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိတ်စာဝ ကျေးရွာ ဒေသခံ ၅၆၀ ကျော်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ချင်းသတင်းရင်းမြစ်များက ဖော်ပြသည်။
အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် မိတ်စာဝကျေးရွာများမှ ဒေသခံများသည် မိုင် ၆၀ ခန့် အကွာရှိ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းရှိ ကျေးရွာ ၄ ခုသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
စစ်ရှောင်များကို လောင်တလိုင်ခရိုင် Central Young Lai Association (CYLA) က ကူညီဆောင်ရွက်ပေးနေသည်ဟု ချင်းသတင်းရင်းမြစ်များတွင် ဖော်ပြသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA ကြား စစ်ရေးတင်းမာမှု မြင့်တက်လာခြင်းကြောင့် စစ်ရှောင်ဦးရေးများပြားလာပြီး အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်လျှက်ရှိကြောင်း UNOCHA ၏ စက်တင်ဘာလ ၂ ရက် ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်ပြည်သူ ၉၇၄,၀၀၀ ထက်မနည်းရှိနေပြီး ဩဂုတ်လ တစ်လအတွင်း စစ်ရှောင်ဦးရေ တစ်သိန်းနီးပါး တိုးလာခဲ့သည်ဟု ဖော်ပြထားသည်။
အလားတူ ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားလာသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီး ဒေသခံပြည်သူ ၂၂၂,၀၀၀ ဦးထက်မနည်း စစ်ရှောင်နေကြရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ဇူလိုင်လ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် အိမ်ထောင်စု ၄၃ စုနှင့် လူဦးရေ ၂၀၀ ဝန်းကျင် ရှိနေပြီး စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အဓိက လိုအပ်လျှက်ရှိသည်။
“ဒီစခန်းကို စားနပ်ရိက္ခာထောက်ပံ့မှုတွေ မရောက်တာလည်း လေး၊ ငါးလလောက် ရှိနေပါပြီ၊ ကျနော်တို့ စစ်ရှောင်လာတာ တစ်နှစ်ကျော် ရှိပြီပေါ့။ ဒီစခန်းမှာက ငွေတောင်၊ အောင်ချမ်းသာ၊ ဘုရားကုန်းဘက်က ပြည်သူတွေပေါ့။ မိသားစု ၄၃ စု၊ အယောက် ၂၀၀ လောက် ရှိပါဝယ်။ ကျနော်တို့ဆီမှာ ရိက္ခာတွေ ပြတ်နေတယ်။ အဓိကကတော့ ဆန်၊ ဆီပေါ့။ တချို့ မိသားစုတွေက ယာခင်းထဲသွား ဟင်းသီးဟင်းရွက်တွေရှာ ညနေဆိုရင် အထောင်းလေး ထောင်းပြီး ထမင်းစားနေရပါတယ်။” ဟု စစ်ရှောင်ပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်ရှောင်များအတွက် နေ့စားအလုပ်ပေးမည့် သူများလည်း နည်းပါးလာသည့်အတွက် စားဝတ်နေရးဖြေရှင်းရသည်မှာ ပိုမိုခက်ခဲလာကြောင်း စစ်ရှောင် အိမ်ရှင်မတစ်ဦးက ပြောဆိုသည်။
“ရိက္ခာတွေ မလာတဲ့အတွက် အခက်အခဲအများကြီး ကြုံရတယ်၊ အလုပ်ခေါ်တဲ့သူလည်း မရှိတော့ စားဝတ်နေရေး ဖြေရှင်းရတာ ခက်လာတယ်။ ချက်ပြုတ်စားသောက်ဖို့အတွက် ဆန်၊ ဆီနဲ့ ကြက်သွန်တွေ လိုအပ်နေပါတယ်” ဟု စစ်ရှောင် အိမ်ရှင်မတစ်ဦးက ပြောသည်။
UNOCHA ၏ ထုတ်ပြန်ချက်အရ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ အကူအညီများသည် ၂၀၂၁ ခုနှစ် ထက်စာရင် နည်းပါးနေသေးပြီး မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း၌ စစ်ရှောင်ဦးရေ ပိုများလာသလို အကူအညီလိုအပ်ချက်များ မြင့်တက်လာကြောင်း သိရှိရသည်။