27 C
Yangon

ရှေ့နေ ဦးကိုနီ သတ်ဖြတ်ခံရမှုနှင့် ကြံ့ဖွတ် ဒုတိယဥက္ကဋ္ဌ ခင်ရီ ပါဝင် ပတ်သက်မှု (သို့မဟုတ်) “မင်းတို့ ထမင်း၀အောင် စားထား” လှုပ်ရှားမှု အတွက် ခင်ရီ ထုတ်ပေးခဲ့သော ငွေကျပ် သိန်း ၂၅၀

Must read

By ဟိဏ်းဝေယံ(တချိန်က မဘသ)

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော Senior Leadership Program ကို တက်ရောက်ပြီး အပြန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်သမားကြည်လင်း၏ ပစ် ခတ်မှု ကြောင့် ကွယ်လွန်ခဲ့ရသည်။

၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် သေနတ်သမား ကြည်လင်း၊ အောင်ဝင်းဇော်တို့ကို တရားရုံးက သေဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဇေယျာဖြိုးကိုမူ ထောင်ဒဏ် ၅ နှစ်၊ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သော တရားခံ သေနတ်သမား ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို သေဒဏ်ချမှတ်ခဲ့သော်လည်း ယနေ့ အချိန်အထိ မသတ်ဖြတ်သေးပေ။ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှု၏ နောက် ကွယ်တွင် မည်သူများ ရှိနေသည်ကို မြန်မာပြည်သူများနှင့် ကမ္ဘာကပါ ခန့်မှန်းသိကြပြီးဖြစ်သည်။

သို့သော် ကျနော်အနေဖြင့် ကျနော်သိရှိထားသော အမှန်တရားများကို သက် သေအဖြစ် ထုတ်ဖော်ခြင်းဖြစ်သည်။ စစ် တပ်၊ မဘသနှင့် ကြံ့ဖွတ်တို့သည် တရား လွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်မှုတွင် ပုံစံမျိုးနှင့်ပါဝင်ပတ်သက် နေကြသည်။

ယင်းအထဲမှ ကျနော်ကိုယ်တိုင် ပါဝင်လှုပ်ရှားမိခဲ့သည့် “မင်းတို့ ထမင်း၀အောင်စားထား ” လှုပ်ရှားမှုနှင့် ကြံ့ဖွတ်ဒုဥက္ကဋ္ဌ ခင်ရီ၏ ပါဝင်ပတ်သက်မှုဖြစ်သည်။

၂၀၁၈ ဖေဖော်ဝါရီလ ၂ ရက်နေ့ တရားခံ ကြည်လင်းနှင့် အပေါင်းအပါများ ရုံးထုတ်သည့်နေ့တွင် လူသတ်တရားခံ ကြည်လင်းနှင့် ရာဇဝတ်သားများကို ဝန်းရံသည့်အနေဖြင့် လှုပ်ရှားသော လှုပ်ရှားမှုလည်းဖြစ်သည်။

“မင်းတို့…..ထမင်းဝအောင်စားထား” ဆိုသော စကားသည် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သည့် တရားခံ ကြည်လင်းနှင့်အောင်ဝင်းဇော်က ​တရားလိုရှေ့နေဦးရောဘတ်ဆန်းအောင်တို့ ကို ခြိမ်းခြောက်သော စကားများဖြစ်သည်။

ထိုစဥ်က မဘသမှိုင်းနှင့် အမျိုးသားရေးမှိုင်းသွင်းခံရပြီး မှိုင်းမိနေသည့် ကျနော်၏ စိတ်ထဲတွင် “မင်းတို့ ထမင်း၀ အောင်စားထား” စကားဖြင့် NLD ထောက်ခံသူများ နှင့် အခြားဘာသာဝင်များကို ထိုးနှက် အသုံးချရန် ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ လူသတ်တရားခံ ကြည်လင်းနှင့် ရာဇဝတ်ကောင်များကို ရုံးထုတ်ချိန်တွင် မြတ်ဖုန်းမိုရ်၊ မျိုးချစ်သေဓမ္မကွန်ရက် ဥက္ကဋ္ဌ လင်းလင်း (ခေါ်) တင်လင်းထိုက်၊ ကျနော်ဟိဏ်းဝေယံ၊ ကျနော်၏ အကိုဖြစ်သူ အကြီးကောင်(ခေါ်) တင်ဌေးအောင် တို့ “မင်းတို့ ထမင်း၀အောင်စား” တီရှပ်ကို ဝတ်ဆင်၍ လူသတ်တရားခံ ကြည်လင်းနှင့် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို တီရှပ်တစ်ထည်စီပင် လက်ဆောင်ပေးခဲ့သည်။

ထိုအတွက် ကျနော်အပါအဝင် ၄ ဦးစလုံး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံခဲ့ရပြီး ထိုပြစ်မှု အတွက် ထိုက်သင့်သော ပြစ်ဒဏ်ကို သွားရောက် ခံယူခဲ့ပြီးဖြစ်သည်။

ကျနော်ရှင်းပြနေသည်က “မင်းတို့ ထမင်း၀အောင်စား ” လှုပ်ရှားမှု တစ်နည်းအားဖြင့် လူသတ်သမား ကြည်လင်းကို ထောက်ခံသော လှုပ်ရှားမှုအကျဉ်းသာဖြစ်သည်။

ကျနော်အဓိက ပြောလိုသည်က မဘသ လှုပ်ရှားမှု၊ အမျိုးသားရေး လှုပ်ရှားမှုများ၏ အဓိက ဒေါက်တိုင် ကြံ့ဖွတ်ပါတီ ဒုတိယဥက္ကဋ္ဌ ရဲချုပ်ဟောင်း ၊ ဗိုလ်မှူးချုပ်ဟောင်း ခင်ရီ၏ အခန်းကဏ္ဍဖြစ်သည်။

မင်းတို့ ထမင်း၀အောင် စားထား လှုပ်ရှားမှု အပြီး တွင် ကျနော်တို့ကို ဖမ်း၀ရမ်းထုတ်သဖြင့် ရှောင်ပြေးနေရစဉ် အဆိုပါတီရှပ် ၁၀၀ ကို ထပ်မံ ရိုက်နှိပ်ထုတ်ဝေကာ လင်းလင်း (ခေါ်)တင်လင်းထိုက်၏ သားအငယ်ကောင် မွေးနေ့မှတွင် အမျိုးသားရေးသမားများကို ဝတ်ဆင်စေခဲ့သည်။

ထိုလှုပ်ရှားမှုအတွက် အဓိက စပွန်ဆာသည် ကျွန်တော်အဓိက ပြောလိုသည့်အပိုင်းဖြစ်သည်။ တီရှပ်များ ရိုက်နှိပ်ရန်နှင့် လှုပ်ရှားမှုများအတွက် အဓိက ထောက်ပံ့ပေးသူမှာ ကြံ့ဖွတ်ပါတီ ဒုတိယဥက္ကဋ္ဌ ခင်ရီနှင့် စစ်တပ်မှ ဖြစ်သည်ကို ကျနော် နောက်ပိုင်း မှ သိရှိခဲ့ရခြင်းဖြစ်သည်။ ]

“မင်းတို့ ထမင်း၀အောင် စားထား ” လှုပ်ရှားမှုအတွက် ခင်ရီနှင့်စစ်တပ်က သိန်း ၂၅၀ ထုတ်ပေးခဲ့သည်။

ငွေ သိန်း ၂၅၀ ထုတ်ပေးပြီး “မင်းတို့တွေ အဲဒီ အင်္ကျီ ဝတ်ရဲသေးလား။ ဝတ်ရဲရင် ငါတို့ ပိုက်ဆံထုတ်ပေးမယ်” ဟုဆိုပြီး ခင်ရီက ငွေထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် “မင်းတို့ ထမင်း၀အောင်စားထား” လှုပ်ရှားမှု၏ နောက်ကွယ်တွင် ကြံ့ဖွတ်ဒုဥက္ကဋ္ဌ ခင်ရီနှင့်စစ်တပ်က အခိုင်အမာရှိနေခဲ့သည်။

တရားခံ ကြည်လင်း အပါအဝင် ၄ ဦးကို ဝန်းရံသော “မင်းတို့ ထမင်း၀အောင်စားထား” လှုပ်ရှားမှုကို အဘယ်ကြောင့် ကြံ့ဖွတ် ခင်ရီနှင့်စစ်တပ်က စပွန်ဆာပေးပါသနည်း။ အဖြေကရှင်းသည် သူတို့ လူများဖြစ်သည့် ကြည်လင်းနှင့် အပေါင်း အပါများကို ဝန်းရံစေလိုသောအတွက်ကြောင့် ဖြစ်သည်။

“မင်းတို့ ထမင်း၀အောင်စားထား” လှုပ်ရှားအတွက် ရရှိသော ငွေကြေး သိန်း ၂၅၀ ကို လင်းလင်း(ခေါ်) တင်လင်းထိုက် ၊ မဘသအရည်ခြုံ ဘုန်းကြီး သုစိတ္တ ၊ တင့်လွင်(MNO) ၊ မြတ်ဖုန်းမိုရ်၊ အကြီးကောင်(ခေါ်) တင်ဌေးအောင်တို့ က ခွဲဝေယူခဲ့ကြသည်။ အကျိုးအမြတ်ရှာကြသည်။

ကျနော်၏ အကိုဖြစ်သူ အကြီးကောင်(ခေါ်) တင်ဌေးအောင်သည် ထိုငွေမှရရှိသော အကျိုးအမြတ်ဖြင့်ပင် မြဝတီမြို့တွင် ပုန်းရှောင်နေစဉ် DKBA အဖွဲ့မှ ဗိုလ်မှူးတစ်ဦး အကွက်ရိုက်ရောင်းချသော ၅သိန်း ၇သောင်း တန် ပေ ၄၀ x ပေ ၆၀ မြေကွက် ၃ကွက် ဝယ်ယူခဲ့သေးသည်။ မြေကွက် တစ်ကွက်ပေါ်တွင် နှစ်ထပ်တိုက်တစ်လုံးပင် ဆောက်လုပ်ခဲ့သေးသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်သော လူသတ်တရားခံ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို “မင်းတို့…..ထမင်းဝအောင်စားထား” တီရှပ်ဝတ်ဆင် ထောက်ခံ ဝန်းရံ ပြသသော လှုပ်ရှားမှုတွင် ကြံ့ဖွတ်ဒုတိယဥက္ကဋ္ဌ ခင်ရီနှင့် စစ်တပ်က သိန်း ၂၅၀ ထောက်ပံ့ခဲ့သည်မှာ ယခုအချိန်အထိ သက်သေများစွာ ရှိနေပါသေးသည်။

(ဆောင်းပါးရှင် ဟိဏ်းဝေယံသည် တစ်ချိန်က မဘသနှင့် အမျိုးသားရေး လှုပ် ရှားမှုတွင် ပါဝင်ခဲ့သော်လည်း ယခုအခါ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားမှု၏ ထောက်ပံ့ရေး ရဲဘော်အဖြစ် ပါဝင်ပြီး မဘသနှင့်စစ် တပ်တို့၏ ယုတ်မာမှုများကို ဖော်ထုတ်လျက်ရှိနေသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article