ရန်ကုန်၊ စက်တင်ဘာ ၄
နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်မြင့်သန်းနှင့်အဖွဲ့၊ ဌာန အရာရှိများ ကိုဗစ်ရောဂါကူးစက်ခံနေရပြီး ကြိတ်ကုနေကြကြောင်း နေပြည်တော်ကျန်းမာရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
“ကိုဗစ်ရောဂါကို ကာကွယ်ကုသနေတဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာန နေပြည် တော်ရုံးချုပ်က သူတွေ ကိုဗစ်တွေဖြစ်နေကြပါတယ်။ ညွှန်ချုပ်ကနေစပြီး ဒုညွှန်ချုပ်တွေ၊ ညွှန်မှူးတွေအထိ အကုန်ဖြစ်နေကြပါတယ်။ ဒေါက်တာမြင့်မြင့်သန်း၊ ဒေါ်အေးအေးစိန်၊ ဒေါက်တာမောင်မောင်ဌေးဇော်၊ ဒေါက်တာ အေးအေးမွန်၊ အစုံပဲ ကူးစက်ခံနေရတာ။ သူတို့တွေက သူတို့ဖျားနေတာကို လူမသိအောင် ကြိတ်ကုနေတာ ။ တခြားသူတွေကိုတော့ နှာခေါင်းတွေလိုက်နှိုက်နေပြီးတော့ သူတို့ကတော့ကြိတ်ကုနေတာ။ အရေအတွက်က ဆယ်ဂဏန်းအထက်ပဲ ချီတယ်။ ဌာနပေါင်းစုံက လူတွေအများကြီးပဲ” ဟု နေပြည်တော် ကျန်းမာရေး သတင်းရင်းမြစ်က ဆိုသည်။
ကိုဗစ်ရောဂါကူးစက်ခံနေရသော ညွှန်ချုပ် ဒေါ်မြင့်မြင့်သန်းသည် အဂတိမှုဖြင့် အတိုင်ခံရသော်လည်း အရေးယူခံရခြင်းမရှိသော ညွှန်ချုပ်ဖြစ်ပြီးကာ ခင်ပွန်းမှာ ဒုတိယ ဗိုလ်မှူးကြီးဟောင်း နေမျိုးဖြစ်ကြောင်း၊ စစ်တက္ကသိုလ် အပတ် စဉ် ၂၅ ကို လက်ရှိ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးနှင့်အတူ တက်ရောက် ခဲ့သူ လည်း ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၃ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့သူ ၉၀ ဦး ရှိပြီး ပြည်ပမှကူးစက် ၈ ရာခိုင်နှုန်း၊ ပြည်တွင်းကူးစက် ၉၂ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- လာဘ်ပေးလာဘ်ယူမှုနှင့် နာမည်ကြီးပြီး အဂတိကော်မရှင်ထံ အတိုင်ခံထားရသည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်မြင့်သန်းကို အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။