ရန်ကုန်၊ စက်တင်ဘာ ၄
ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီး ပြတ်တော်မှု အခြေအနေဆိုးဝါးနေပြီး ညလုံးပေါက် မီးပြတ်ခြင်း၊ တစ်နေ့လုံး မီးပြတ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်နှင့် နယ်ဒေသအသီးသီးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
“မနေ့က ဆိုရင် တစ်ညလုံး မီးမလာဘူးဗျာ။ ဒီလောက်ပူနေတဲ့အချိန်။ မိုးတွင်းဆိုပေမယ့် မိုးရွာပြီးရင် ပူအိုက်နေတာပဲ။ ကလေးတွေ ဒုက္ခရောက်ကြတယ်။ လူကြီးတွေလည်း အိပ်မရပေါ့။ အတော်ဆိုးပါတယ်” ဟု ရန်ကုန်မြို့ ပြည်သူတစ်ဦးက ပြောသည်။
အလားတူ ယနေ့တွင်လည်း မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်မှ စတင်ပြီး ရန်ကုန် အပါအဝင်မြို့ကြီးများတွင် မီးများ ပြတ်တောက်လျက်ရှိကြောင်း ပြည်သူများက ဆိုကြသည်။
“လျှပ်စစ်ရုံးကို ဖုန်းဆက်ကြည့်တော့ System Breakdown ဆိုလားပဲ။ အခုထက်ထိ မီးမလာဘူး။ နေ့လည်း ပျက် ။ ညလည်း မလာ။ တကယ့် ခေတ်ဆိုး ခေတ်ပျက်ကြီးဗျ” ဟု ပဲခူးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန် ဓာတ် အားစနစ်ချို့ယွင်းမှု ဖြစ်ပေါ်ကြောင်းထုတ်ပြန်ထားပြီး နေပြည်တော် လျှပ်စစ်ရုံးချုပ်က System Breakdown အချိန် ကြာမြင့်နိုင်သည်ဟု ပြောဆိုသည်။
“ကျနော်တို့လည်း မသိဘူး။ ဘယ်နားက ပျက်လဲဆိုတာ။ ကြာတော့ ကြာနိုင်တယ်” ဟု မကွေးတိုင်း လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်မူ သာကေတ U Energy ဓာတ်အားပေးစက် ထိန်းသိမ်းပြုပြင်နေခြင်း ကြောင့် ဓာတ်အား ထုတ်လွှတ်ပေးနိုင်မှု (106)MW ခန့်လျော့နည်းနေခြင်း၊ အလုံ TOYO THAI ဓာတ်အားပေးစက်မှ ဓာတ်အားပေး စက်(၁)လုံး ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကြောင့် ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု (55)MW ခန့် လျော့နည်းနေခြင်း ၊ ရွှေလီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်(၁)လုံး ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကြောင့် ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု (100)MW ခန့်လျော့နည်းနေခြင်း ၊အလုံ CECC ဓာတ်အားပေးစက်မှ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်(၁)လုံး ယခုမနက်ပိုင်းအချိန်တွင် အရေးပေါ်စက်ရပ်တန့် သွားသဖြင့် ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု (55)MW ခန့်လျော့နည်းနေခြင်းစသည့် အခြေအနေများကြောင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု လျော့နည်းလျက်ရှိသဖြင့် မီးများ ပြတ်တောက်မည်ဟု ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက စက်တင်ဘာလ ၃ ရက်နေ့တွင် တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ရန်ကုန်တွင် လျှပ်စစ်မီးများပြတ်တောက်နေသဖြင့် မီးပွိုင့်များ ပြတ်တောက်ပြီး ကားများ ပိတ်ဆို့နေစဉ်။ (ပုံအဟောင်းဖြစ်သည်)
Photo- CJ