23 C
Yangon

မြောက်ဦးတွင် အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်ရဲသည့် အကြမ်းဖက် စစ်တပ် သူရဲဘောကြောင်ဟု AA စစ်ဦးစီးချုပ် မှတ်ချက်ပြု

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

ယနေ့ စက်တင်ဘာ ၄ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ပေါ် ရပ်ကွက်အချို့သို့ တစ်စုံတစ်ရာ ဖြစ်ပွါးခဲ့ခြင်းမရှိဘဲ စစ်ကောင်စီက ရည် ရွယ်ချက်ရှိရှိ မြို့ပေါ်မှ ပြည်သူများအား အထိတ်တလန့်ဖြစ်အောင် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ပေါ်က အထင်ကရ နေရာများဖြစ်သည့် ဒိုင်းကျီကန်ဘောင်၊ တောင်ဖြူဆည်၊ စည်ပင်ရုံး၊ ကင်းဆိပ်တာဝါတိုင်တို့တွင် လက်နက်ကျည်များရောက်ခဲ့သလို မြို့မစျေးကို လက်နက်ကျည်များရောက်ခဲ့ပြီး ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း မြို့ခံများက Western News ကို ပြောသည်။

“ခမရ ၅၄၀ တပ်ရင်း၊ ၃၇၇ တပ်ရင်း၊ ၃၇၈ တပ်ရင်း ကနေ လက်နက်တွေနဲ့ပစ်တယ်။ ၁ နာရီလောက်မှာဖြစ်မယ်။ လက်နက်ကြီးတွေပစ်လို့ ကျနော်တို့ဆိုရင် အိမ်ပေါ်မှာတောင် မအိပ်ရဲလို့ အိမ်အောက်မှာဆင်းပြီးတော့ အိပ်ရတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိပစ်တာပါ”ဟုပြောသည်။

မြောက်ဦးမြို့မှ လူသွားလူလာများသည့် မြို့မစျေး၊ ကုန်သည်လမ်းဆုံ၊ သင်္ဘောဆိပ်၊ ကန်လှရပ်ကွက်တို့စသည်နေရာ လမ်းဆုံ၊ လမ်းခွများတွင် စစ်တပ်ကနေရာယူထားကြပြီး၊ လူသွားလူလာများအား စစ်ဆေးမှုများ လုပ်ဆောင်နေကာ ယနေ့ညပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်မှုများ ထပ်လုပ်မှာကို စိုးရိမ်နေကြကြောင်း မြို့ခံများက ပြောသည်။

“မြို့လယ်မှာ စစ်တပ်ကနေရာယူထားတယ်။ စျေးတွေ၊ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားကြတယ်။ လမ်းမှာတော့ လူသွား၊ လူလာမရှိသလောက်ပဲ။ ဒေသခံတွေရဲ့ စိုးရိမ်မှုအခြေအနေကတော့ မြင့်တက်လျက်ရှိနေပါတယ်”ဟု ပြောသည်။

မြောက်ဦးမြို့ကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သည့် အပေါ် အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်ရဲသည့် သူရဲဘောကြောင် လုပ်ရပ်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA၏ စစ်ဦးစီးချုပ် တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စက်တင်ဘာ ၄ ရက်တွင် ၎င်း၏ တွစ်တာပေါ်၌ ရေးသားထားသည်။

“စစ်ကောင်စီတပ်ဟာ အပြစ်မရှိတဲ့ပြည်သူတွေကိုပဲ တိုက်ခိုက်ရဲတဲ့
သူရဲဘောကြောင်အုပ်စုရဲ့လက်ထဲမှာ မြောက်ဦးဟာ ဓားစာခံဖြစ်နေတယ်။ အခုလို သူရဲဘောကြောင်လုပ်ရပ်တွေကို တပ်မ ၅၅ ခြေမြန်တပ်ရင်းက တပ်မမှူ၏ တိုက်ရိုက်လမ်းညွှန်ကွပ်ကဲနေတာဖြစ်တယ်”ဟု ပြောဆိုသည်။

ယင်းပစ်ခတ်မှုဖြစ်မှုဖြစ်ပွါးပြီးနောက် ယနေ့ မနက်ပိုင်း ၈ နာရီခန့်တွင် မြောက်ဦးမြို့ တောင်ရပ် ရပ်ကွက်တွင် နေထိုင်သည့် ရင်ဆို့(ခေါ်) ဖိုးလပြည့်နှင့် ဇနီးဖြစ်သူအား စစ်ကောင်စီတပ်က နေအိမ်သို့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၇ရက်နေ့ကလည့် စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် မောင်တောမြောက်ပိုင်း မင်းကြီးကျေးရွာမှ အသက် ၆၀ ကျော် အဖွားတစ်ဦး သေဆုံးခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နေ့ကလည်း မြောက်ဦးမြို့ ခမရ ၃၇၇တပ်ရင်းက လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့၍ ကင်းဆိပ်ကျေးရွာသား ၃ဦးသေဆုံးကာ ၇ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

ဓာတ်ပုံ- AA ရခိုင်တပ်တော်စစ်ှုဦးစီးချုပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article