ရန်ကုန်၊ စက်တင်ဘာ ၅
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာနှင့် ထိန်ချောင်းဝကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား စက်တင်ဘာလ ၄ ရက် ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ စစ်သား ၃ ဦး၊ ပျူစောထီး ၂ ဦး သေဆုံးကြောင်း တနင်္သာရီ ပကဖ က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၂၊ တနင်္သာရီ ပကဖ တနင်္သာရီပြောက်ကျား၊ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်သည် ရွာမြောက်ဘက်သို့ စက်တင်ဘာလ ၄ ရက် ယမန်နေ့ ညပိုင်းတွင် ကင်းပုန်းထွက်လာစဉ် RDF ပခုက္ကူက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း သတင်းရရှိသည်။
အင်ပင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့သည် ည ၉ နာရီခန့်တွင် ကင်းပုန်းထွက်လာစဉ် Royal Defence Force (PKU) က ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁ ဦးသေဆုံးကာ ကျန်စစ်သားများမှာ အင်ပင်ရွာအတွင်းသို့ ပြန်လည်ထွက်ပြေးသွားကြောင်း RDF က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း RDF တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ်ဘက်မှ မုံရွာဘက်သို့ ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း PDF တောင်သာ က သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မြင်းမူမြို့နယ်၊ အလ္လပက္ကနှင့် ဝမ်းပြည့်ရွာကြားတွင် တောင်သာ PDF၊ People’s Army to Fight Dictatorship တပ်ခွဲ DK PDF၊ People Knight Defence Force မြင်းမူ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းတွေ့ရသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကားတစ်စီး (ပုံအေဟာင်းဖြစ်ပါသည်)