ရန်ကုန်၊ စက်တင်ဘာ ၅
ပြည်သူ့တော်လှန်ရေး တပ်မတော် People revolution army (PRA)၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ဂျပန်၏ မိဘနှစ်ဦးက သားဖြစ်သူ လုပ်ကိုင်နေသော စစ်အာဏာရှင် တော်လှန်ရေးတွင် အသုံးပြုနိုင်ရန်အတွက် မင်္ဂလာဦး လက်ဝတ်ရတနာများကို လှူဒါန်းကြောင်း ဗိုလ်ဂျပန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ကျနော့်မိဘအရင်းဆီမှာ ကျနော်သွားအလှူခံလာတာပါ။ မိဘနှစ်ဦး ရဲ့ မင်္ဂလာဦးနေ့ကတည်းက ယနေ့အချိန်ထိ စုဆောင်းထားတဲ့ လက်ဝတ်ရတနာလေးတွေ တော်လှန်ရေးကာလမှာ အရေးပေါ် လိုအပ်လာလို့ အကုန်လုံးလှူပေးလိုက်ပါတယ်။ မေမေ့သား တော်လှန်ရေး လုပ်တော့မှ နားက နားကပ်လေးတောင် မကျန်တဲ့ မေမေ ဒီပွဲက လုံးဝအရှုံးခံလို့ မရတဲ့ပွဲမို့ နားလည်ပေးပါ ဖေဖေ နဲ့ မေမေ” ဟု ဗိုလ်ဂျပန်က ပြောဆိုသည်။
ပြည်သူ့တော်လှန်ရေး တပ်မတော် People revolution army (PRA)သည် မကွေးနှင့်စစ်ကိုင်းအစပ်တွင် အခြေစိုက်ပြီး စစ်အာဏာရှင်တော်လှန်ရေး တက်ကြွစွာ ရှေ့တန်းမှ ပါဝင်တိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။