ရန်ကုန်၊ စက်တင်ဘာ ၅
မကွေးတိုင်းနှင့် မန္တလေးတိုင်းအစပ်၊ ပခုက္ကူ ဧရာဝတီမြစ်ကူးတံတားရျိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ ၂ မှ အမျိုးသမီးရဲဘော်တစ်ဦးအပါအဝင် ပြောက်ကျားရဲဘော် ၃ ဦးသည် စက်တင်ဘာလ ၄ ရက် နေ့လယ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ် ၂ လက်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ တပ်ဖွဲ့ ၂ မှ ရဲမေပူတူး၊ ရဲဘော်ဒီးနှင့် ရဲဘော်ဂျွန်ဖောတို့ သုံးဦးက စစ်ကောင်စီဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ် ၂ လက်ကို သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ တပ်ဖွဲ့ ၂ က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးသော်လည်း ရဲ ၃ ဦး သေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များက ဖော်ပြသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ပခုက္ကူ ဧရာဝတီမြစ်ကူးတံတားကို ခေတ္တပိတ်ထားလိုက်ကြောင်း သိရှိရသည်။