By သာလွန်ဇောင်းထက်
စစ်အာဏာသိမ်းမှုကို တရားဝင်လုပ်ရပ်အဖြစ် နိုင်ငံရေးဝါဒဖြန့်ဖို့အတွက် မင်းအောင်လှိုင်က အမည်ခံ သတင်းမီဒီယာကောင်စီကို တရားဝင် အသုံးပြုလာနေပါပြီ။
တီမောနိုင်ငံမှာ ဩဂုတ်လ ၂၅ ရက်နေ့ ကနေ ၂၆ ရက်နေ့ အထိကျင်းခဲ့တဲ့ “The Dili Dialogue Forum under the title of Media Challenges” မီဒီယာဖိုရမ်မှာ ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏သား ဖြစ်သူ အေးချမ်းက မင်းအောင်လှိုင် စိတ်ကြိုက် ဖွဲ့စည်းထားတဲ့ မီဒီယာကောင်စီအဖွဲ့ဝင် MPC တက်ရောက်ပြီး စာတမ်းဖတ်ခဲ့ပါတယ်။
သူ့စာတမ်း အမည်က ” Media Challenges in Myanmar ” ၊ “မြန်မာနိုင်ငံမှ မီဒီယာ စိန်ခေါ်မှုများ” ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ သူ့စာတမ်းအကြောင်း မပြော ခင် အေးချမ်း အကြောင်း ပြောရအောင်ပါ။ အေးချမ်းဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ သမ္မတရုံးဝန်ကြီးဖြစ်ခဲ့တဲ့ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်းရဲ့ သားဖြစ်ပါတယ်။
စီးပွားရေး သမား ဖြစ်သလို မီဒီယာအကြောင်း နကန်းတစ်လုံးမှလည်း နားမလည်သူဖြစ်ပါတယ်။ ဘယ်တုန်းကမှ မီဒီယာသမား မဖြစ်ခဲ့လို သတင်းတစ်ပုဒ်တောင်မှ မရေးခဲ့ဖူးသူ စစ်ဗိုလ်ချုပ်သား ခရိုနီတစ်ဦးသာဖြစ်ပါတယ်။
အေးချမ်းဟာ စီးပွားရေးလုပ်ငန်း rgo47 ရဲ့ ဥက္ကဌ၊ UOB Bank ဒါရိုက်တာနှင့် E-Commerce Association of Myanmar (ECAM) ရဲ့ ဥက္ကဋ္ဌ အကျိုး စီးပွားသမား စီးပွားရေးလောကသားတစ်ဦးသာဖြစ်ပါတယ်။ ဒီလိုလူမျိုးဟာ “မြန်မာ့မီဒီယာ စိန်ခေါ်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်း ဖတ်မယ်ဆိုတာ ဟာသတစ်ပုဒ်လိုပါပဲ။
အေးချမ်းတင်ပြခဲ့တဲ့ “မြန်မာ့မီဒီယာ စိန်ခေါ်မှုများ” စာတမ်းဟာ စတင်တာနဲ့ စစ်အာဏာသိမ်းမှုက တရားဝင်တယ်၊ NLD က မဲလိမ်မှုတွေကို မရှင်းလို့ အာဏာ သိမ်းရတယ်၊ အကြမ်းဖက်မှုတွေကို NLD CRPH NUG က လုပ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဝန်ကြီးတွေက လာဘ်စားတယ် စတဲ့ အကြမ်းဖက် စစ်ကောင်စီက ပြောနေတဲ့ အချက်အလက် တွေကိုပဲ ဖတ်ပြခဲ့ပါတယ်။
ဒါ့အပြင် လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေက သတင်းတု သတင်းမှားတွေ ထုတ်လွှင့်နေပြီး အဲဒီသတင်းဌာနကို ကြည့်ရှုနေသူ သန်းနဲ့ချီတဲ့ လူတွေဟာ ပညာမတတ်လို့ သတင်းအတုတွေကို ယုံကြည်ကြတယ်လို့လည်း ပြောဆိုသွားပြန်ပါတယ်။ Facebook က Blue Mark ပေးထားတိုင်း သတင်းတွေကို မယုံကြည်ရဘဲ အကြမ်းဖက်လုပ်သူတွေ တိုင်း Facebook က Blue Tick ပေးထားတယ်လို့လည်း အေးချမ်းက ဆိုပြန်ပါတယ်။
သုံးထားတဲ့အချက်အလက်တွေနဲ့ ညွှန်းဆိုမှုတွေကလည်း Myanmar Insider နဲ့ Fact Check လို့ခေါ်တဲ့ စစ်တပ်လော် ဘီတွေ ထူထောင်ထားတဲ့ အဖွဲ့တွေက အချက်အလက်တွေကို ညွှန်းဆိုနေပါတယ်။
သူ့ စာတမ်း တစ်ခုလုံးသာ ပြီးဆုံးသွားပါတယ်။ မြန်မာမီဒီယာတွေ ကြုံရတဲ့ အခက်အခဲဆိုတာ တစ်လုံးမှ မပါဘဲ အကြမ်းဖက်စစ်ကောင်စီ ဇော်မင်းထွန်းပြောနေကြ စကားတွေကို တီမောနိုင်ငံ မီဒီယာဖိုရမ် မှာ သွားပြီး ဖတ်ပြနေတာပါ။
အကြမ်းဖက် ဇော်မင်းထွန်း သတင်းစာရှင်းလင်းပွဲကို တီမောနိုင်ငံမှာ ကျင်းပနေသလိုတောင် ဖြစ်နေပါတယ်။
ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ ၂၀၂၂ ခုနှစ် မေလ ၃ ရက်နဲ့ ၄ ရက်နေ့မှာ ကင်ညာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့သတင်းမီဒီယာကောင်စီ အထွေထွေညီလာခံကိုလည်း စစ်ကောင်စီရဲ့ အမည်ခံ ဖွဲ့စည်ထားတဲ့ MPC ဥက္ကဋ္ဌ အမည်ခံ အုန်းမောင်(မြင်းမူမောင်နိုင်မိုး)နဲ့ ကောင်စီဝင် အေးချမ်းတို့ တက်ရောက်ခဲ့ကြပါတယ်။
တင်သွင်းတဲ့စာတမ်းကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများရဲ့ အရင်းခံကိစ္စရပ်များ လက်ရှိ အကြမ်းဖက်စစ်ကောင်စီကို ကာကွယ်ပေးတဲ့ အခြေအနေတွေကို သွားရောက်ရှင်းလင်းတာဖြစ်ပါတယ်။ ဘာသတင်းမီဒီယာကိစ္စမှ မပါပါဘူး။
နောက်ထပ် ပြောချင်တာက ဥက္ကဋ္ဌ အုန်းမောင် ဆိုတာကလည်း သတင်းမီဒီယာသမား မဟုတ်သလို ဘယ်သတင်းသမားနဲ့ မီဒီယာ ကိုမှလည်း ကိုယ်စားမပြုပါဘူး။ အုန်းမောင်ဟာ အကြမ်းဖက်စစ်ကောင်စီက စိတ်ကြိုက် ရွေးချယ်ထားတဲ့ စစ်တပ် အလိုကျ အခွင့်အရေး သမားတွေသာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ အာဏာသိမ်းချိန်မှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် သတင်းသမားတွေအားလုံး နီးပါး နုတ်ထွက်ခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဘက် အတွင်းရေးမှူး ၂ ဖြစ်တဲ့ ကျနော် အပါအဝင် ကောင်စီဝင် သတင်းသမားတွေအာလုံး နုတ်ထွက်ခဲ့တာပါ ။
အဲဒီနောက် အကြမ်းဖက်က မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ သူ့စိတ်ကြိုက် သတင်းမီဒီယာကောင်စီကို ပြင်ဆင်ဖွဲ့စည်းပါတယ်။
ဒါပေမယ့် မင်းအောင်လှိုင် ဖွဲ့စည်းမှုက လုံး၀ တရားမဝင်ပါဘူး။ သတင်းမီဒီယာဥပဒေ ပုဒ်မ ၁၃ မှာ “နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အမိန့်ကြော်ငြာစာ ထုတ်ပြန၍ ဖွဲ့စည်းပေးရမည်” လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင်ဟာ နိုင်ငံတော်သမ္မတ မဟုတ်ပါဘူး။ ဒါကြောင့် ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ကွဲလွဲနေပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဟာ နိုင်ငံတော်သမ္မတကသာလျှင် ဖွဲ့စည်းခွင့်ရှိတဲ့ တရားဝင် အဖွဲ့အစည်း ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ဟာ လက်နက်နဲ့ ခြိမ်းခြောက် အာဏာသိမ်းထားတဲ့ လူယုတ်မာ သာဖြစ်ပါတယ်။ ဒါကြောင့် သူဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီဆိုတာဟာ တရားဝင်မှု မရှိသလို ဘယ်မီဒီယာကိုမှ လည်း ကိုယ်စားမပြုပါဘူး။
နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လော်ဘီ အလုပ်ကိုသာ လုပ်နေတဲ့ စစ်တပ် အလိုကျ သတင်းမီဒီယာကောင်စီကို အဖက်မလုပ်ဘဲ သပိတ်မှောက်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ နိုင်ငံတကာ မီဒီယာအရေး ညီလာခံတွေ ဆွေးနွေးပွဲတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး ဝါဒဖြန့်တဲ့ နေရာတွေသာ ဖြစ်လာမှာက အသေအချာပါပဲ။
(သာလွန်ဇောင်းထက်သည် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ရွေးကောက်ပွဲ နည်းလမ်းအရ ရွေးကောက်ခံ ကောင်စီအဖွဲ့ဝင် ဖြစ်ပြီး ထိုအချိန်က ကောင်စီ၏ တွဲဘက် အတွင်းရေးမှူး ၂ အဖြစ် လည်း ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် ကောင်စီဝင်နှင့် တွဲဘက် အတွင်းရေးမှူး ၂ အဖြစ်မှ နုတ်ထွက်ခဲ့သူလည်းဖြစ်သည်။)
