ရန်ကုန်၊ စက်တင်ဘာ ၅
ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ည ဗုံး ၂ ကြိမ်ပေါက်ကွဲပြီး စစ်ကောင်စီတပ်များက လမ်းများကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုများ လုပ် ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
စက်တင်ဘာလ ၅ ရက်နေ့ ည ၇ နာရီ ၅၄ မိနစ်အချိန် တောင်ဥက္ကလာပမြို့ နယ်၊ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိသော အနော်မာလမ်းပေါ်တွင် ဗုံးတစ်လုံး ကျယ်လောင်စွာ ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
“၁၃ ရပ်ကွက်ရုံးနားမှာ ပထမတစ်လုံးပေါက်သံကြားရတယ်။ အသံအရမ်းကျယ်တယ်။ အဲဒီနောက် အနော်မာလမ်းကို ပိတ်လိုက်တယ်။ စစ်သားတွေ ပိတ်ဆို့ပြီးရှာတယ်။ နောက်ထပ်ဗုံးရှိမလားဆိုပြီး ရှာတယ်ထင်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တောင်ဥက္ကလာ၁၃ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် ဗုံး၁လုံး ဖောက်ခွဲခဲ့ပြီး ကျန် ဗုံး ၂ လုံးကိုပြည်သူများ ရှိနေသည့် အတွက် မဖောက်ခွဲဘဲ ဆုတ်ခွာခဲ့ကြောင်း ဖောက်ခွဲရေးလုပ်ဆောင်ခဲ့သော Miyint Ma Kha STF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“အထိခိုက် ကတော့သေချာမသိရသေးပါဘူး။ ရဲဘော်အားလုံး ဘေးကင်းစွာနဲ့ ဆုတ်ခွာခဲ့ပါတယ်” ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့နောက် စက်တင်ဘာလ ၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်၊ တောင်ဥက္ကလာပ ၊ သံသုမာလမ်းပေါ် Max ဆီဆိုင်နှင့် CNG ဂတ်စ်ဆိုင်အကြားအတွင် ဗုံးထပ်မံပေါက်ကွဲခဲ့ကြောင်း၊ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
“သံသုမာလမ်းမပေါ် Max ဆီဆိုင်အနီးကိုလည်း လမ်းပိတ်ဆို့ထားပါတယ်။ Max ဆီဆိုင် နဲ့နီးတဲ့ Gas ဆိုင်နားမှာပါ သံသုမာလမ်းမပေါ် လိုင်စင်ရုံးမရောက်ခင်အနားမှာပါ။ စစ်ခွေး DC ကား ၃ စီးရောက်နေတယ်။ ကားလမ်း ပိတ်ပြီး ကားတွေပြန်လှည့်ခိုင်းနေတယ်။ အခုထိ ရှိနေသေးတယ်” ဟု တောင်ဥက္ကလာပ ပြည်သူတစ်ဦးက ပြောသည်။
ထို့ပြင် သန်လျင်မြို့နယ်၊ အောင်ချမ်းသာအောက်ဘက်ရှိ ရေတပ်အဝင်စစ်ဆေးရေးဂိတ်အနီးတွင်လည်း ယနေ့ ၇နာရီ၅၅မိနစ်အချိန် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ပေါက်ကွဲသံက အုန်းကနဲနေတာပဲ။ ရေတပ်ဂိတ်နားလို့ ပြောတယ်။ ဒီလောက် ပြင်းထန်ရင်တော့ ခွေးတွေ ထိလောက် မယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ တောင်ဒဂုံမြိုနယ် တစ်နေရာတွင် စက်တင်ဘာလ ၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် နှစ်ကြိမ်ဆက်တိုက် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ မရမ်းကုန်းမြိုနယ် တစ်နေရာတွင်လည်း ယနေ့ည ၈ နာရီ ၃၇ မိနစ်အချိန် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင်း ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)