ရန်ကုန်| စက်တင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ကနီနယ် ကျေးရွာ နှစ်ရွာမှ စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး အပါအဝင် ဒေသခံအမျိုးသမီး ၇ ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ကနီဒေသ တော်လှန်ရေး တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။
ပထမဖြစ်စဉ်အနေနဲ့ ဩဂုတ် ၁၇ ရက်နေ့က အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်သားရဲ့ အဓမ္မပြုကျင့်ခံရပြီး ဒုတိယဖြစ်စဉ်အနေနဲ့ ဩဂုတ် ၂၈ ရက်က တခြား တစ်ရွာမှာ အမျိုးသမီး ၆ဦး အဓမ္မပြုကျင့်ခံခဲ့ရတာပါ။
ဒေသခံအမျိုးသမီးတွေကို မုဒိမ်းကျင့်သူတွေက စစ်ကောင်စီတပ်ရဲ့ ဘယ်တပ်မ၊ တပ်ရင်းကဆိုတာ ဒေသခံတွေ မသိရှိကြပေမယ့် စစ်အင်္ကျီနဲ့ စစ်သားစာရင်းပါတဲ့ ကင်းစောင့်တာဝန်ချ စာရွက်အပိုင်းအစကို ဒေသခံတွေ တွေ့ရှိခဲ့ကြပါတယ်။
ဒေသခံတွေအဆိုအရ ပြင်ဦးလွင်တပ်ကလို့ ပြောဆိုကြသလို အဲဒီစစ်ကြောင်းမှာ ဗိုလ်ကြီး သန်းဝင်းအောင်၊ ဒုတပ်ကြပ် နိုင်လင်းဦး၊ သန်းမိုး၊ သာစိန်မောင်၊ တပ်ကြပ် ဇော်လွင်ဦး၊ တပ်သား ကျော်ထွန်းဝင်း၊ ရဲမျိုးလွင်၊ စန်းကို နာမည်ပါတဲ့ ကင်းစောင့် တာဝန်ချစာရွက်တွေ့ခဲ့ကြတာပါ။
“ရွာ မပြောတော့ပါဘူး။ ရွာအမည်ပြောရင် ပြဿနာရှိပါတယ်။ စစ်ရှောင်ပြေးရင်း စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ အဖမ်းခံရပြီး အဓမ္မပြုကျင့်ခံရတာပါ။ အခု သူတို့ ကျန်းမာရေး စောင့်ရှောက်မှုရပါပြီ” လို့ သူက ရှင်းပြပါတယ်။
ကျေးရွာ နှစ်ရွာက အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေဟာ အသက် ၃ဝ ကျော်နဲ့ အသက် ၄၀ ကျော်အရွယ် အမျိုး သမီးတွေဖြစ်တယ်လို့ ကိုပြည့်အောင်နိုင်က ဆက်သွယ်အတည်ပြုပြီး ပြောပါတယ်။
“ဒုတိယတစ်ရွာမှာ Rape ပြုကျင့်ခံရတဲ့အထဲမှာ စိတ်ကျန်းမာရေး မကောင်းသူတစ်ဦးပါဝင်ပါတယ်။ အုပ်စုဖွဲ့ Rape ပြုကျင့်ခဲ့တာဖြစ်ပါတယ်” လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။
စက်တင်ဘာ ၄ရက် မနက် ၇နာရီခန့်က မင်းကင်းနယ်ဘက်ကနေ ကနီနယ်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီ ရေယာဥ်အုပ်စု(၈)စီး စုန်ဆင်းလာခဲ့ပါတယ်။
ကနီနယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို လက်နက်ကြီးငယ် ပစ်ခတ်မှုရှိခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း နေရာ ၄ ခုမှာ ခုခံခဲ့တယ်လို့ သူက ပြောပါတယ်။
ကနီမြို့နယ် မဲဒင်ရွာက နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်လို့ အမိုးတွေ ပျက်စီးခဲ့ပြီး အိုင်တောင်ရွာက အရပ်သား အမျိုးသားတစ်ဦးလည်း လက်နက်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။
ပုံစာ- စက်တင်ဘာ ၄ရက်နေ့ စစ်ရှောင်နေကြတဲ့ ကနီဒေသခံတွေနဲ့ အဓမ္မပြုကျင့်မှုဖြစ်ခဲ့တဲ့ ရွာပတ်ဝန်းကျင်က တွေ့ရတဲ့ စစ်အင်္ကျီနဲ့ စာရွက်အပိုင်းအစဖြစ်ပါတယ်။