ရန်ကုန်၊ စက်တင်ဘာ ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း၊ ကြာဘန်းကျေးရွာစစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီကင်းတဲကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၅ ရက် ညနေ ၇ နာရီ ၅ မိနစ်တွင် ၄၀ မမ ဖြင့် သွားရောက်ပစ်ခတ်ရာ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦးသေဆုံးပြီး စစ်သား ၅ ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
“စစ်ဆေးရေးဂိတ်နားက ကင်းတဲမှာ စစ်သားနဲ့ ရဲတွေ ထိုင်ပါတယ်၊ ခန့်မှန်း ၁၀ ယောက်လောက် ရှိပါမယ်။ ၄၀ မမ နှစ်လုံး ပစ်တာပါ၊ ကင်းတဲကို ထိမှန်သွားတာမို့ ထိခိုက်မှုရှိပါတယ်။ သူတို့ဘက်က လက်နက်ကြီးရယ် စက်လက်ရယ် ရမ်းပစ်ပါတယ်၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦးသေပါတယ်။ စစ်သား ၅ ဦး ဒဏ်ရာရပါတယ်” ဟု သထုံ ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ကြာဘန်းစစ်ဆေးရေးဂိတ် ရဲကင်း ပစ်ခတ်ခံရပြီးနောက် အဆိုပါနေရာတဝိုက် မီးအမှောင်ချထားပြီး လမ်းများ ပိတ်ထားခဲ့ကြောင်း လက်ရှိတွင် ကားများ ပြန်လည်သွားလာနေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေသေးကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
အဆိုပါ ကြာဘန်းစစ်ဆေးရေးဂိတ်အနီး မိုင်ဝက်ခန့် အကွာတွင် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၆ တပ်ရင်း အခြေစိုက်ထားသည်။
အလားတူ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စက်တင်ဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကြား ၃ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကားတစ်စီး မြောင်းထဲထိုးကျပျက်စီးကာ စစ်သားထိခိုက်သေဆုံးမှုများ ရှိကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာ၌ အကြမ်းဖက်စစ်ယာဉ်တန်းကို PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၄ ရက်နေ့တွင် တနေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးထိမှန်မှုကြောင့် စစ်ကား ၁ စီး မြောင်းထဲ ထိုးကျကာ ပျက်စီးသွားကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့လယ်တွင် ငွေတောင်ရွာသစ်ရှိ အများပြည်သူပိုင်နေအိမ်တွင် ဝင်ရောက်တပ်စွဲသော အကြမ်းဖက်စစ်တပ်ကို PDF များက RPG ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ထိခိုက်မှုရှိကြောင်း သိရှိရသည်။
ဖရူဆိုမှ ဒီးမော့ဆိုသို့ ဦးတည်နေသော စစ်ယာဉ်တန်းကို ဒီးမော့ဆို PDF ဗျူဟာ ၃၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRUနှင့် အလယ်ပိုင်းတိုင်း ၁၁၀၆ တပ်ရင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF ၁ ဦး မစိုးရိမ်ဒဏ်ရာရကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ဖရူဆိုတွင် မြောင်းထဲထိုးကျနေသော စစ်ကား။