24 C
Yangon

စစ်ကိုင်း၊ မကွေး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေမှုကြောင့် ပြည်သူ သောင်းချီ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း ကျွန်းလှ၊ ကနီ မြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက် နက် ကြီး များဖြင့် ပစ်ခတ်ပြီး ပြည်သူများကို နှိပ်စက် သတ်ဖြတ်သောကြောင့် သောင်း နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ကျွန်းလှတွင် ပြည်သူ ၈ ဦးကို သတ်ဖြတ်ခံရပြီး ကျေးရွာ ၂၆ ခုမှ ပြည်သူ သောင်းချီထွက်ပြေးရ ===========================================

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ လေကြောင်းမှ တိုက်ခိုက် စစ်ကြောင်းထိုးခဲ့ကြောင်း၊ ကျေးရွာ ၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး တည်ပင်ဆိပ် ရွာသား ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျွန်းလှမြို့နယ်အတွင်း ၁၁ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး တည်ပင်ဆိပ်၊ အိမ်ခြေ၊ အင်းလျားရှည်၊ ရွာကုန်းကြီး၊ ကုန်းစည်း၊ ပေပင်ချောင်း၊ သစ်ချို၊ မော်ကယ်နှင့် မော်တုန် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄၀၅ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

တည်ပင်ဆိပ်ရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံး၊ အိမ်ခြေရွာမှ ပြည်သူပိုင် နေအိမ် ၁၀၅ လုံး၊ အင်းလျားရှည်ရွာမှ ပြည်သူပိုင် နေအိမ် ၁၇ လုံး၊ ရွာကုန်းကြီးရွာမှ ပြည်သူပိုင် နေအိမ်၅၃လုံး၊ ကုန်းစည်းရွာမှ ပြည်သူပိုင် နေအိမ် ၅၉ လုံး၊ ပေပင်ချောင်းရွာမှ ပြည်သူပိုင် နေအိမ် ၇၄ လုံး၊ သစ်ချိုရွာမှ ပြည်သူပိုင် နေအိမ် ၆၇ လုံး၊ မော်ကယ်ရွာမှ ပြည်သူပိုင် နေအိမ် ၁၉ လုံးနှင့် မော်တုန်ရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံးတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် စစ်ကြောင်း ထိုးခြင်း၊ မြေပြင်မှ စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်း ထိုးနေသောကြောင့် တည်ပင်ဆိပ်၊ ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်၊ နောင်ဦး၊ စာရင်းဝင်၊ ရွာကုန်းကြီး၊ အိမ်ခြေ၊ အင်းလျားရှည်၊ ဘိုအင်း၊ ညောင်ပင်ရိုး၊ ကန်ဇွန်းအင်း၊ ကိုင်းဝန်း၊ သစ်ချို၊ မန်ကျည်းကုန်း၊ သာစည်၊ ကုန်းစည်း၊ ဝလေမူ၊ သက္ကယ်ကျင်း၊ ပေပင်ချောင်၊ ညောင်ပင်၊ မော်တုံ၊ မော်ကယ်၊ တောင်နီ၊ ပိန္နဲကုန်းနှင့် နောင်ကောက် စသည့် ကျေးရွာ ၂၆ ရွာမှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

မြိုင်တွင် ရွာ ၂ ခုကို စစ်တပ်နဲ့ ပျူစောထီးက မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၆ လုံးပြာကျ

မကွေးတိုင်း မြိုင်မြို့နယ် အတွင်းရှိ အိုးဘိုကျေးရွာနှင့်ကန်နက်ကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက စက်တင်ဘာလ ၅ ရက်နေ့တွင် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၆ လုံး ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အဆိုပါ ကျေးရွာ ၂ ရွာကို မြိုင်မြို့နယ်မြောက်ပိုင်းရှိ ပျူစောထီး ကျေးရွာဖြစ်သော ကန်နီကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ပြီး အိုးဘိုကျေးရွာမှ နေအိမ် ၁၄ လုံးနှင့် ကန်နက်ကျေးရွာမှ နေအိမ် ၂ လုံးတို့ မီးလောင်ပြာကျခဲါကြောင်း သိရသည်။

ကနီ၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ရွာလုံးကျွတ် ထွက်ပြေးရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်းကို စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်၌ အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုမှ ပြည်သူပိုင် ကျွေးရွာများကို လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ရေယာဥ် အုပ်စုသည် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် မဲဒင်ရွာမှ နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်၍ အမိုးများ ပျက်ဆီးခဲ့ပြီး အိုင်တောင်ရွာမှ အရပ်သား အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) များ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရေယာဥ် အုပ်စုသည် မင်းကင်းနယ်ဘက်မှ ကနီနယ်သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဥ်အုပ်စု ၈ စီးဖြင့် စုန်ဆင်းကာ ဝင်ရောက်လာခြင်း ဖြစ်ပြီး ကနီနယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ တော်လှန်ရေး အဖွဲ့များက ၄ နေရာခွဲကာ ခုခံခဲ့ရကြောင်း သိရသည်။

ယင်း ရေယာဥ် အုပ်စုသည် ကနီမြို့သို့ ရောက်ရှိ လာစဥ် ဒဏ်ရာရ စစ်သား ၈ ဦးကို ဆေးကုသခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အလုံ ဆိပ်ကမ်းသို့ စုန်ဆင်းသွားကြောင်း သိရသည်။

ကရင်နှင့်မွန်ပြည်နယ်တွင် စစ်တပ်၏ ထိုးစစ်ကြောင့် ပြည်သူများ ထွက်ပြေးရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဥ်းကတိုးကုန်းကျေးနယ်အတွင်း နယ်မြေကျူးလွန်ကာ လက်နက်ကြီးများဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် မဲရုံးလေး ကျေးရွာအတွင်းသို့ လက်နက်ကြီး ၆၀ မမ များဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်မ ၄၄ မှ မဲရုံးလေးရွာကို ၆၀ မမ လက်နက်ကြီးများဖြင့် စက် တင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ၃ လုံး၊ ည ၉ နာရီတွင် ၂ လုံး ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်သည် ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ခြင်း၊ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်ခြင်းကြောင့် ဒေသခံများ ပြည်သူ ၂၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ် မုန်းမြို့ နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၇ ရက်နေ့မှ စတင်ကာ စစ်ရေး လှုပ်ရှားခြင်း လက်နက်ကြီးများ တပ်ဆင်ခြင်းကြောင့် ဒေသခံ ပြည်သူလူထုများ ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်၏ ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး တပ်ဆင်ထားသော လက်နက်ကြီးများ၏ ပစ်မှတ်သည် KNU-မုန်းမြို့နယ်၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ရေလဲ (ကရင်) ကျေးရွာသို့ မျက်နာမူနေသည့် အတွက် ရေလဲ (ကရင်) ကျေးရွာတွင် နေထိုင်သည့် ပြည်သူ များသည် (ပရဲစီ)ကျေးရွာ၊ထွနီကုန်းကျေးရွာနှင့် ငထွေစုတ် စသည့် ကျေးရွာတို့အပြင် မြစ်တစ်ဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ကေအဲန်ယူ-မုန်းမြို့နယ်၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ရေလဲ(ကရင်)ကျေးရွာတွင် အိမ်ခြေပေါင်း ၁၈၀ လုံးရှိပြီး လူဉီးရေ စုစုပေါင်း ၉၇၃ ဉီးရှိသော ကျေးရွာတစ်ရွာ ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များမှ ကရင်မျက်ရဲ ၊မာနီနှင့် ရွာ တန်းရှည်နေရာများတွင် လက်နက်ကြီးများဖြင့် ၃၈ လုံး ပစ်ခတ်ခဲ့ပြီး တပ် လှုပ်ရှားမှုများ ရှိသောကြောင့် ဒေသခံပြည်သူများ ကြောက်လန့်ကာ နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေရပြီး အုန်းပင်စုကျေးရွာနှင့် ဝက်တူးကျေးရွာတွင် အင်အား ၃၀ ခန့်၊ လပတ်နှင့် ဗမာမျက်ရဲကျေးရွာတွင် အင်အား ၂၅ ဦးနှင့် မိကြောင်းခေါင်းတွင်အင်အား ၃၀ ခန့်ဖြင့် စစ်ရေး တပ်လှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-ကနီတွင် စစ်တပ်ထိုးစစ်ကြောင့် နေပူ မရှောင်၊ မိုးရွာမရှောင် ထွက် ပြေး နေကြသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article