Briefing Paper by- မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)
မြန်မာ့တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် တိုင်းပြည်ကို လက်တွေ့ထိရောက်စွာ ထိန်းချုပ်ထားကြောင်း အခိုင်မာဆုံး ပြောဆိုနိုင်လျက်ရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သည် မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေသော အဖွဲ့အစည်းများ သို့မဟုတ် တော်လှန်ရေး အဖွဲ့အစည်းများဖြင့် စုစည်းထားသည့် ဒီမိုကရေစီ တော်လှန်ရေးကြီး၏ ဗဟိုအချက်အခြာ ဖြစ်သည်။ အဆိုပါအဖွဲ့အစည်းများသည် စစ်ကောင်စီနှင့်နှိုင်းယှဉ်ပါက ပိုမိုကြီးမားသည့် မြန်မာ့နယ်မြေများတွင် ပိုမိုများပြားသည့်လူဦးရေကို လက်တွေ့အုပ်ချုပ်နေသော အာဏာပိုင်များဖြစ်ကာ တစ်စထက်တစ်စ ပိုမိုကျယ်ပြန့် စုံလင်လာသည့် အစိုးရလုပ်ငန်းများကို စီမံဆောင်ရွက်လျက်လည်းရှိသည်။
ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးဟူသော တူညီသည့်ရည်မှန်းချက်ဖြင့် စုစည်းထားသော ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွင် ဆယ်စုနှစ်များစွာ ကြာမြင့်နေသော စစ်တပ်၏ဖိနှိပ်မှုများကို အဆုံးသတ်စေရန် ဖြစ်နိုင်ဖွယ်ရှိသော လမ်းကြောင်းတစ်ခုရှိသည်။
အာဏာရှင်စစ်အုပ်ချုပ်ရေးခေတ်သို့ တစ်ကျော့ပြန်သွားခြင်းကို ဆန့်ကျင်သည့် မြန်မာပြည်သူများ၏ လူထုအုံကြွမှုသည် ဆက်လက်အားကောင်းလာသလို မကြာမီအချိန်အတောအတွင်း ပြီးဆုံးသွားမည့် အနေအထားမျိုးလည်း မရှိပေ။
စစ်ကောင်စီသည် မြန်မာနိုင်ငံကို ထိရောက်စွာလက်တွေ့ ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။ တိုင်းပြည် နယ်နိမိတ်တစ်ခုလုံးကို ထိန်းမထားနိုင်သလို ပြည်သူတစ်ရပ်လုံးကိုလည်း စစ်ကောင်စီက အပြည့်အဝ မအုပ်ချုပ်နိုင်ပေ။ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်စွမ်းမရှိဘဲ တည်မြဲသောငြိမ်ဝပ်ပိပြားမှုကို တည်ဆောက်နိုင်မည့် အလားအလာကောင်းများ ပြသနိုင်ခြင်းလည်း မရှိပေ။
ထိန်းချုပ်နိုင်ရေး စစ်တပ်၏ မဟာဗျူဟာဆိုသည်မှာ လူထုအကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ အရပ်သား ပြည်သူများအကြား လူသားချင်းစာနာမှုဘေးဒုက္ခများ ကျရောက်စေခြင်းတို့ အပေါ်တွင်သာ အဓိကအလေးထား ရေးဆွဲထားခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၎င်း၏ထိန်းချုပ်နိုင်မှုများကို ပို၍မြင့်မားသည့် အမြန်နှုန်းဖြင့် လက်လွှတ်ဆုံးရှုံးလာလျက်ရှိသည်။ ပဋိပက္ခ၏ လက်ရှိလားရာ လမ်းကြောင်းသည် စစ်ကောင်စီကို ဆန့်ကျင်နေသည့် လက်နက်ကိုင် တော်လှန်ရေးနှင့် အကြမ်းမဖက် ဆန့်ကျင်ရေးနှစ်ခုလုံး၏ ဆက်လက်ကြီးထွားရေးအတွက် အလားအလာကောင်းများရှိနေသည်။
ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အရပ်ဖက်အုပ်ချုပ်ရေး လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပိုမိုရှင်းလင်းပြတ်သားစွာ ရောက်ရှိလာနိုင်ရေးအတွက် နိုင်ငံတကာအကူအညီများ လိုအပ်သည်။ ထိုအကူအညီများအနက် စစ်ကောင်စီကို အသိအမှတ်ပြုမည့်အစား အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုခြင်းက ပထမဆုံးဦးစားပေး လုပ်ဆောင်ရမည့် အကူအညီဖြစ်သည်။
နိဂုံး
မြန်မာစစ်ကောင်စီသည် နိုင်ငံကိုထိရောက်စွာ လက်တွေ့ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း ဤဆွေးနွေးမှုစာတမ်းက သုံးသပ်တွေ့ရှိရသည်။ စစ်ကောင်စီသည် တိုင်းပြည်နယ်နိမိတ် အစိတ်အပိုင်း ကြီးကြီးမားမားကို အရေးနိမ့်ထားရသလို လူဦးရေအများအပြားအပေါ် အုပ်ချုပ်စီမံမှုကိုလည်း လက်လွှတ်ဆုံးရှုံးထားရသည်။
စစ်တပ်၏ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စွမ်းသည် နဂိုအတိုင်း ပြန်မကောင်းနိုင်သည့် အတိုင်းအတာအထိ ကျဆင်းသွားခဲ့ကာ အမြဲတမ်းထိန်းထားနိုင်မည့် လက္ခဏာလည်းမရှိပေ။
တော်လှန်ရေးတပ်ဖွဲ့များက ထိထိရောက်ရောက် ထိန်းချုပ်ထားသည့် မြို့နယ် ၁၂၇ ခု (၃၉ ရာခိုင်နှုန်း) အပါအဝင် နိုင်ငံအတွင်းရှိ မြို့နယ် ၇၂ ရာခိုင်နှုန်း ၌ စစ်တပ်လုံခြုံရေး တပ်ဖွဲများ၏ တပ်စွဲထားမှုအနေအထားမှာ ခြိမ်းခြောက်စိန်ခေါ်ခြင်း ခံနေရပြီဖြစ်သည်။ အဆိုပါမြို့နယ်များသည် နိုင်ငံ၏ ၅၂ ရာခိုင်နှုန်း ပမာဏနှင့်ညီမျှကာ ၄င်းတို့သည် စစ်ကောင်စီတပ်ဖွဲ့များအပေါ် တော်လှန်ရေးအင်အားစုများက ပုံမှန်တိုက်ခိုက်လျက်ရှိသည့် နယ်မြေ ၂၃ ရာခိုင်နှုန်းအပြင် နောက်ထပ်အံတုခံနေရသော ဒေသများ ဖြစ်သည်။
လက်ရှိပဋိပက္ခလားရာကို ကြီးကြီးမားမား ပြောင်းလဲစေမည့် အခြားအကြောင်းရင်းတစ်စုံတစ်ခု မပေါ်ပေါက်ပါက စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်တစ်လျှောက် ကောင်းစွာရှင်သန်နိုင်ဖွယ် မရှိပေ။
စစ်ကောင်စီသည် တိုင်းပြည်ကိုထိရောက်စွာ ထိန်းချုပ်ထားသည်ဟု ယူဆ၍လည်းကောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံ၏ လက်တွေ့အာဏာပိုင်များ ဖြစ်သည်ဟု မှတ်ယူ၍လည်းကောင်း၊ ပြည်ပနိုင်ငံအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်မဟုတ်ပေ။
စစ်ကောင်စီသည် နိုင်ငံတကာဥပဒေ သို့မဟုတ် ဆုံးဖြတ်ချက်များကို အာမခံ ကတိကဝတ်ပြုနိုင်စွမ်း မရှိသလို၊ ယုတ်လျော့လာသော စီးပွားရေး အချက်အခြာနေရာများအပေါ် တဲတဲမျှကျန်ရှိသည့် ၎င်းတို့၏ဆုပ်ကိုင်ထားနိုင်မှုမှာ တစ်စထက်တစ်စ မရေရာမသေချာဖြစ်လာသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အဓိပ္ပာယ်ရှိသော ပူးပေါင်းချိတ်ဆက်မှုများကို ပြုလုပ်နိုင်စွမ်းလည်း မရှိတော့ပေ။
မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဆက်လက်ထားရှိသည့် နိုင်ငံတကာအဖွဲ့များအတွက် ရန်ကုန်နှင့်နေပြည်တော်အား စစ်တပ်၏ပုံမှန်အားဖြင့် ထိန်းချုပ်ထားနိုင်မှုသည် အဓိကကျသော အခြေအနေမှန်တစ်ခု ဖြစ်ဖွယ်ရှိသော်လည်း ထိုသို့ ဆက်လက်ထားရှိသည့် သံတမန်ဆက်ဆံရေးမှာ တစ်စထက်တစ်စ လက်တွေ့တန်ဖိုးကင်းမဲ့လာကာ အပြောအဆိုခံရမှုများ ပိုမိုများပြားလာလျက်ရှိသည်။
ဥပမာ မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ ပေးပို့ဖြန့်ဖြူးရေးကို ယနေ့အရှေ့တောင် အာရှနိုင်ငံများအသင်းနှင့် ကုလသမဂ္ဂအဖွဲ့များက စစ်ကောင်စီ၏ သဘောတစ်ခုတည်းအတိုင်း ဆောင်ရွက်ခွင့်ပြုထားခြင်းမှာ မှန်ကန်မှုမရှိပေ။
အကူအညီရရှိရေး စစ်ကောင်စီအပေါ် မူတည်နေခြင်းသည် အကူအညီပေးမှုကို ဓားစာခံသဖွယ် အသုံးချခြင်း၌ လမ်းဆုံးစေကာ စစ်ကောင်စီကြောင့် ဖြစ်ပွားသည့် လူသားချင်းစာနာမှုအကူအညီ လက်ငင်းအကြပ်အတည်းကို ပိုမိုဆိုးဝါးစေခဲ့သည်။ စစ်ကောင်စီက ကတိပြုထားသော ရွေးကောက်ပွဲ အစီအစဉ်ဆိုသည်မှာ အမှန်တကယ် ကျင်းပဖြစ်သည်ဆိုလျှင်ပင် နိုင်ငံတကာ၏ အနိမ့်ဆုံးမျှော်လင့်ချက်ဖြစ်သော အတုအယောင် ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ခုအဖြစ်ပင် ပေါ်ထွက်လာနိုင်မည်မဟုတ်ပေ။
စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့များနှင့် အပြီးသတ်တွေ့ဆုံ ဆွေးနွေးမှုအတွက် စည်းကမ်းချက်များ သတ်မှတ်နိုင်သည့် အနေအထားမျိုးတွင်ပင် မရှိပေ။ အရိုးရှင်းဆုံးပြောဆိုရလျှင် စစ်ကောင်စီသည် မြန်မာ့အပြောင်းအလဲ၏ အဓိကကျသော ပင်မအဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည်နေခြင်း မရှိတော့ပေ။
NUG သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်ပြီး ၎င်းကို တရားဝင် အသိအမှတ်ပြုသင့်သည်။ ထို့အပြင် NUG သည် စစ်ကောင်စီထက် မြန်မာနိုင်ငံကို ပိုမိုထိရောက်စွာ လက်တွေ့ထိန်းချုပ်ထားသည်ဟု အခိုင်အမာပြောဆိုနိုင်ကြောင်း ဤစာတမ်းကတင်ပြထားသည်။
တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီထက် ပိုမိုများပြားသောနယ်မြေကို ထိန်းချုပ်ထားနိုင်သလို ပြည်သူအများစုကို လက်တွေ့ကိုယ်စားပြုသော အဖွဲ့များလည်း ဖြစ်သည်။
အရေးကြီးသည့်အချက်မှာ အဆိုပါအဖွဲ့များကို ၎င်းတို့ အုပ်ချုပ်ရာဒေသ၌ တရားဝင်အာဏာပိုင်များအဖြစ် အသိအမှတ်ပြုခံထားရခြင်း ဖြစ်သည်။ ထိုသို့ ပြောင်းလဲနေသည့် မြန်မာ့မြေပြင်ပကတိအခြေအနေများ၏ သွယ်ဝိုက်ဂယက်ရိုက်မှုများကို မြန်မာ့အရေး နိုင်ငံတကာ တုံ့ပြန်မှုအတွက် အဓိကထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
အလှူရှင်များနှင့် အိမ်နီးချင်းနိုင်ငံများသည် NUG ၊ EROs နှင့် အရပ်ဖက်မိတ်ဖက်အဖွဲ့များက ဦးဆောင်၍ ၎င်းတို့ အုပ်ချုပ်မှုအောက်ရှိဒေသများသို့ အကူအညီများပေးအပ်မည့် အစီအစဉ်များကို ချက်ခြင်းထောက်ခံရပေမည်။
အစိုးရလုပ်ငန်းဆောင်တာများကို ရွက်ဆောင်ကာ အစိုးရဝန်ဆောင်မှုများကို ပေးနေသည့် EROs ၊ NUG ၊ CDM နှင့်အခြားအရပ်ဖက်အဖွဲ့အစည်း တော်လှန်ရေးလှုပ်ရှားမှုများ၏ ပေါင်းစုအင်အားကြောင့် မြန်မာသည် ကျရှုံးနိုင်ငံ အဆင့်အထိလျှောကျမသွားဘဲ ကြံ့ကြံ့ခံရပ်တည်နေခြင်းဖြစ်သည်။
ရွေးကောက်ပွဲ သို့မဟုတ် ဆန္ဒခံယူပွဲတစ်ခုခုကို ထောက်ခံမည်၊ အသိအမှတ်ပြုမည်ဆိုပါက အဆိုပါရွေးကောက်ပွဲ သို့မဟုတ် ဆန္ဒခံယူပွဲတွင် ပြည်သူအများစု ပါဝင်နိုင်ရမည် သို့မဟုတ် ပါဝင်ရမည်ဖြစ်သည်။ ဥပမာ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်ဒေသ၌ လူထုရွေးကောက်ပွဲ ကျင်းပနိုင်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ စစ်မှန်သောအပြောင်းအလဲကို မြန်မာပြည်သူများက မောင်းနှင်ဆောင်ရွက်လျက်ရှိသည်ကို နိုင်ငံတကာအဖွဲ့များက သိရှိနားလည်ထားရမည်။
တစ်ဖက်တွင် စစ်ကောင်စီက ဖျက်ဆီးမှုများ ပြုလုပ်နေချိန်၌ အခြားတစ်ဖက်တွင် တော်လှန်ရေးသည် NUCC လုပ်ငန်းစဉ်မှတစ်ဆင့် လူထု၏ နိုင်ငံရေးမျှော်လင့်ချက်များကို အခြေခံ၍ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်နေပြီ ဖြစ်သည်။
ဤလုပ်ငန်းစဉ်သည် စစ်ကောင်စီကဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းကဖြစ်စေ အတင်းအကြပ် ပြဋ္ဌာန်းသောလုပ်ငန်းစဉ်ထက် များစွာပိုမိုထိရောက်ကာ မြန်မာနိုင်ငံ၏ နက်ရှိုင်းစွာတည်ရှိနေသော နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းနိုင်မည့် အကောင်းဆုံး အလားအလာများရှိနေသည်။
ယခုအချိန်၌ NUG၊ တော်လှန်ရေးနှင့် ဆန့်ကျင်ရေးအဖွဲ့များအား နိုင်ငံတကာအသိုင်းအဝိုင်းက ရုပ်ဝတ္ထုအကူအညီများ ပိုမိုပေးအပ်လေလေ မြန်မာ့အနာဂါတ်အတွက် အလားအလာကောင်းများ ပိုမိုဖြစ်ထွန်းလာလေလေ ဖြစ်ပေလိမ့်မည်။
(Igor Blazevic ၏ Facebook စာမျက်နှာမှ ပြန်လည်ကူးယူ ဖော်ပြထားခြင်းဖြစ်ပါသည်။ မူရင်းစာတမ်း (အင်္ဂလိပ်ဘာသာဖြင့်) SAC-M Briefing Paper Effective Control in Myanmar ကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါ လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်)
https://specialadvisorycouncil.org/…/SAC-M-Briefing…