ဗိုလ်သင်တန်း တက်ရန် ဖခင်က ပြစ်မှု ကျူးလွန်မှု မှတ်တမ်းရှိ၍ ဦးလေးကို အဖေအဖြစ် စာရင်းသွင်း ခဲ့သူ စစ်အရာရှိ၏ ဖိနှိပ် ညှဉ်းပန်းမှု ပြည်သူများ ခါးစည်းခံနေရ
ရန်ကုန်၊ စက်တင်ဘာ ၇
မန္တလေး၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဖိုးကြွယ်ကျေးရွာမှ ရဲလင်းအောင်(ခ) ဗိုလ်ရဲ သည် ကချင် ပြည် နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ရှိ အမှတ် ၁၄၂ တပ်ရင်းမှူး အဖြစ် ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင် လျက်ရှိပြီး ၎င်း၏ မွေးရပ်မြေ မလှိုင်မြို့နယ်တွင် ကြံ့ဖွတ်ပါတီကို ဆန့်ကျင်သူ ၉ ဦးကို PDF ထောက်ပံ့သူဟု စွပ်စွဲ ဖမ်းဆီး အိမ်များ ချိတ်ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။
အလုပ်သင်ဗိုလ်လောင်း သင်တန်း အပတ်စဉ် ၂၈ ကျောင်းဆင်း ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ရဲလင်းအောင်(ခ) ဗိုလ်ရဲက ၎င်းမွေးရပ်မြေ မလှိုင်မြို့နယ်နှင့် အလွန်ဝေးကွာသော ကချင်ပြည်နယ်၊ မိုးမောက် မြို့နယ် ဒေါ့ဖုန်းယန်မြို့ရှိ အမှတ် ၁၄၂ တပ်ရင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေရသော် လည်း မလှိုင်မြို့နယ်တွင် ၎င်းနှင့်ရန်ငြိုးရန်စ ရှိသူ၊ ၎င်း ကြည့်မရသူများကို PDF ထောက်ပံ့သူများဟု အမည်တပ်၍ မိတ္တီလာခရိုင်ရှိ စစ်တပ်များကို ဖမ်းဆီးရန် ဆက်သွယ် ပြောဆိုလျက်ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
“မလှိုင်မြို့နယ်ဆိုတာကလည်း ကြံဖွတ်များတဲ့မြို့။ ရဲလင်းအောင်က သူက ဒုတိယဗိုလ်မှူးကြီး ရာထူးနဲ့ တပ်ရင်းမှူးဖြစ်နေတော့ သူ့မွေးရပ်မြေမှာ တကယ့် အရပ်ပျက် ဇတ်ပျက်၊ အရက်သောက် မိန်းမရှုပ်တဲ့ ဘုန်းကြီးတုတွေနဲ့ပေါင်း ပြီး သူတို့ မကြည်တဲ့သူတွေကို ဖမ်းဆီးခိုင်းနေတယ်။ တောင်ရိုးတဲလယ်ဗျားမင်းကျောင်းက ဗိုလ်ကော လို့ ခေါ်တဲ့ ဘုန်းကြီးက တောင်ရိုးတဲ ကျေးရွာသား ၉ ဦးကိုတော် လှန်ရေး လုပ်ပါတယ်ဆိုပြီး ဒုတိယဗိုလ်မှူးကြီးရဲလင်းအောင်ကိုတိုင်တယ်။ ရဲလင်းအောင်က မိထ္ထီလာတပ်နယ်ကစစ်သားတွေကိုဖမ်းခိုင်းတယ်။ ရွာသား ၉ ဦးရဲ့ နေအိမ်တွေပါချိတ် ပိတ်ခဲ့တယ်။ တော် လှန်ရေးလုပ်ပါတယ်ဆိုတဲ့သက်အထောက်အထားမခိုင်လုံဘဲ မတရားဖမ်းဆီးတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
မလှိုင်မြို့နယ်ရှိ မဘသ ဘုန်းကြီးများ၊ နာမည်ပျက်ရှိသော ဘုန်းကြီးများနှင့် ပူးပေါင်း၍ ရဲလင်းအောင်က PDF များကို ဖမ်းဆီးရန်၊ စောင့်ကြည်ရန်၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ မပေါ် ပေါက် ရေး ဖိဖိစီးစီး ဆောင်ရွက်ရန် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရှိရသည်။
“တောင်ရိုးတဲရွာသား ၉ ဦးကို အရင်မဲဆွယ်တဲ့ ကိစ္စတွေမှာ ကြံဖွတ်ဘက်က မပါလို့ လုပ်ကြံအမှုဆင်ပြီး ဖမ်းတာ။ ကြံ့ဖွတ်က မပါခဲ့ကြလို့။ ဘာသက်သေမှလည်း မခိုင်လုံဘဲ အဲဒါကို လုပ်တာ။ သူ့မလှိုင်မှာ PDF ကင်းရှင်းရမယ်၊ ကြံ့ဖွတ်တွေနဲ့ စစ်တပ်ထောက်ခံသူပဲရှိရမယ်ဆိုပြီး ရဲလင်းအောင်က ကြွေးကြော်နေတာ” ဟု ဒေသခံပြည်သူက ရှင်းသည်။
ဒုဗိုလ်မှူးကြီး ရဲလင်းအောင်သည် ပြည်သူများကို ဖိနှိပ်မှုများအပြင် ၎င်းကိုယ်တိုင်မှာလည်း စစ်တပ်မှ ရသမျှ အမြတ်ထုတ်ခြင်းနှင့် လိမ်လည်မှုများ လုပ်ဆောင်သူဖြစ်ကြောင်း၊ အလုပ်သင် ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၂၈ တက်ရန် ဖခင် အမည်ဖြည့်ရာတွင် အဖေအရင်းမှာ ပြစ်မှုကျူးလွန်ထားသော ရာဇဝတ်မှု မှတ်တမ်းရှိနေ၍ ဦးလေး ဖြစ်သူနာမည်ကို အဖေအဖြစ် ထည့်သွင်းခဲ့သူဖြစ်ကြောင်း သိရှိရသည်။
“ဗိုလ်လောင်းသင်တန်းအမှတ်စဥ်(၂၈)ကျောင်းတက်တုန်းက သူ့ အဖေ ဦးမောင်ကြည်က ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ မှတ်တမ်းရှိတယ်။ အဲဒီတော့ အဖေအရင်းက ပြစ်မူကျူးလွန်ဖူးလို့အဖေနာမည်အရင်းမထည့်ဘဲ သူဦးလေးတော်စပ်သူကိုအဖေအရင်းထည့်သွင်းပြီး စစ်တပ်ကို ဂျင်းထည့်ခဲ့တဲ့ကောင်။ အခုတော့ နီးစပ်ရာကျေးလက်ဒေသကအတုအယောင်ဘုန်းကြီးတွေနဲ့ပေါင်းပြီး နိုင်ငံရေးမသက်ဆိုင်တဲ့သူတွေကိုနိုင်ငံရေးပုဒ်မတွေနဲ့ဖမ်းဆီးခံခြိမ်းခြောက် ငွေညှစ် ထောင်ချခံရတာတွေ အများကြီး ဖြစ်နေတယ် ” ဟု ဒေသခံ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။
ဒုဗိုလ်မှူး ကြီး ရဲလင်းအောင်တွင် ဇနီး ဒေါ်စန်းစန်းနိုင်၊ သမီး သွန်းဆုအောင်တို့ရှိကြပြီး ကချင် ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့ရှိ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။