ရန်ကုန်၊ စက်တင်ဘာ ၆
အာဏာလု စစ်ကောင်စီရဲ့ ဗြိတိန်ရှိ စစ်သံမှူးရုံးကို ပိတ်သိမ်းပြီး စစ်သံမှူး ဗိုလ် မှူး ကြီး စိုးအောင်ကို မောင်းမထုတ်မချင်း ထိုင်သပိတ် ဆန္ဒပြမယ်လို့ Stars of Myanmar Friendship Club တာဝန်ရှိသူက ပြောပါတယ်။
စစ်သံမှူးရုံး ပိတ်သိမ်းရေးနဲ့ စစ်သံမှူး မောင်းထုတ်ရေး တောင်းဆိုတဲ့ ထိုင် သပိတ်ကို ရှစ်လေးလုံး ၃၄ နှစ်ပြည့် ပြီးခဲ့တဲ့ ဩဂုတ် ၈ရက်က ဗြိတိန် နိုင်ငံခြား ရေးရုံးရှေ့မှာ SMFC နဲ့ Myanmar Unity Movement အဖွဲ့ ပူးပေါင်းစတင်ခဲ့ပြီး အခုဆို ရက် ၂၀ရှိပြီဖြစ်ပါတယ်။
အခုလိုတောင်းဆိုတာ အကြောင်းအရင်း ၃ ချက်ရှိပြီး ပထမအနေနဲ့ စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင်ဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်ပြီး လူထုကို သတ်ဖြတ်နေတဲ့ အာဏာလု စစ်ကောင်စီတပ်ကို ကိုယ်စားပြု တာဝန်ထမ်းဆောင်နေတာကြောင့်ဖြစ်ပါတယ်။
ဒီမိုကရေစီစံနှုန်းတန်ဖိုးအရ ဗြိတိန်အစိုးရအနေနဲ့ မြန်မာက စစ်အာဏာရှင် လက်အောက်ခံ စစ်သံမှူးကို လက်မခံဖို့ နှင်ထုတ်ဖို့ အပြည့်အဝတာဝန်ရှိတယ်လို့ SMFC တာဝန်ရှိသူက မှတ်ချက်ပေးပါတယ်။
ဒုတိယအနေနဲ့ စစ်ကောင်စီရဲ့ စစ်သံရုံးနဲ့ စစ်သံမှူးတို့ရှိနေခြင်းက ဗြိတိန်ရောက် မြန်မာတွေရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို မှတ်တမ်းယူ သတင်းပို့ပြီး ဖိနှိပ်ဖို့ကြိုးပမ်းတာတွေကြောင့်လို့ ရှင်းပြပါတယ်။
တတိယအချက်က ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုဖြစ်စဉ် ဖြစ်ပြီး (၂၀၁၇)ကတည်းက မြန်မာပြည်မှာ ဗြိတိန်အစိုးရရဲ့ စစ်သံမှူးရုံးမရှိတော့တာကြောင့် ဗြိတိန်မှာရော ဘာကြောင့် စစ်သံမှူးရုံး ရှိနေတာလဲလို့ မေးခွန်းထုတ် ကန့်ကွက်တာဖြစ်ပါတယ်။
အခု ထိုင်သပိတ်လှုပ်ရှားမှုကို Four4Freedom Campaign လို့ အမည်ပေးထားပြီး စစ်ကောင်စီက မတရားကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ထင်ရှားတဲ့ နိုင်ငံ ရေးသမား ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နဲ့ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ဂုဏ်ပြုလှုပ်ရှားတာဖြစ်ပါတယ်။
“သူတို့ ဆုံးရှုံးခဲ့ရတဲ့အပေါ် အင်အားအဖြစ် ပြောင်းလဲတဲ့အနေနဲ့၊ ကျဆုံးသွားတဲ့ သူရဲကောင်း ၄ ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ Four4Freedom လို့ အမည်ပေးထားတာပါ” လို့ SMFC တာဝန်ရှိသူက ရှင်းပြပါတယ်။
ထိုင်သပိတ်ရလဒ်အနေနဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးရုံး တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေ မြန်မာ့အရေးနဲ့ လူထုသဘောထားကို ပိုသိလာပြီး သပိတ် ရက်ကြာလာတဲ့နဲ့အမျှ အသိအမှတ်ပြုမှု တိုးလာတယ်လို့လည်း သူက ပြောဆိုပါတယ်။
“ခု လက်ရှိအနေအထားက မြန်မာအရေးသတင်းတွေ ခေါင်းကြီးသတင်းမှာ ပါတာနည်းပါတယ်…..။ နေ့စဉ်နဲ့အမျှ ပါတာနည်းတဲ့အတွက် သူတို့နိုင်ငံသား တချို့က ဪ…ပြီးသွားပြီလား၊ အဆင်ပြေသွားပြီလားလို့ ထင်ကြတယ်” လို့ SMFC တာဝန်ရှိသူက ရှင်းပြပါတယ်။
ထိုင်သပိတ်နေရာဟာ နိုင်ငံတကာ ခရီးသွားတွေ ဘုရင်မ နန်းတော်ကနေ ဖြတ်လျှောက် လည်ပတ်တဲ့နေရာဖြစ်လို့ ဗြိတိန်နိုင်ငံသားတွေတင်မကဘဲ တခြားခရီးသွားတွေပါ သိသွားလို့ အနည်းနဲ့ အများထောက်ကူမှုရှိတယ်လို့လည်း ရလဒ်ကို ပြောပြပါတယ်။
ဗြိတိန်က မြန်မာသံရုံးကို ပြီးခဲ့တဲ့နှစ် ဧပြီလဆန်းမှာ မြန်မာသံအမတ် ဦးကျော်စွာမင်း ရုံးချိန်ပြင်ပ သံရုံးကနေ အပြင်ခဏထွက်ချိန် သံမှူးကြီး ဦးချစ်ဝင်းနဲ့ စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင် ပေါင်းပြီး သံရုံးကို စီးနင်းသိမ်းပိုက်ခဲ့တာပါ။
ဖက်ဒရယ် ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဗြိတိန်မှာလှုပ်ရှားဖို့ Stars of Myanmar Friendship Club ကို ဗြိတိန်ရောက် မြန်မာအများစုနဲ့ အခြားနိုင်ငံသားအချို့ ပါဝင်ပြီး စစ်တပ်က လူထုအာဏာ လုယူပြီးနောက်ပိုင်း စတင်ဖွဲ့စည်းလှုပ်ရှားခဲ့ကြတာပါ။
SMFC စတင်ဖွဲ့စည်းချိန်က အဖွဲ့ဝင် သုံးဦး လမ်းလျှောက်ပြီး ရန်ပုံငွေရှာတာမှာ ပေါင် ၇၀၀၀ ကျော်ရခဲ့ပြီး အဲဒီအချိန်က အဓိကဖြစ်တဲ့ CDM ပြည်သူ့ဝန်ထမ်းတွေကို ကူညီနိုင်ခဲ့တယ်လို့ အဖွဲ့ဆီက သိရပါတယ်။
ဒါ့ပြင် နွေဦးတော်လှန်ရေးမှတ်တမ်း ဓာတ်ပုံပြပွဲတွေကို ဗြိတိန်နိုင်ငံ ဒေသ ၄ ခုမှာ ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆုံးဓာတ်ပုံပြပွဲမှာ ဟောင်ကောင် လွတ်မြောက်ရေးလှုပ်ရှားသူတွေနဲ့ပါ ပူးပေါင်းနိုင်ခဲ့လို့ နိုင်ငံတကာ သိမှတ်မှု ပိုရလာတယ်လို့ SMFC က ဆိုပါတယ်။
ဓာတ်ပုံ-SMFC