26 C
Yangon

မိတ်ဆွေဟု သတ်မှတ် ပြုံးရွှင် ရယ်မောခဲ့သော်လည်း သေဆုံးချိန်တွင် “မနှစ်မြို့ စိတ်ညစ်ညူးဖွယ်ရာ” ဟု မှတ်ချက်တစ်ခုသာပြုခဲ့သည့် ပူတင် နှင့် လစ်ဗျားအာဏာရှင် ကဒါဖီ နိဂုံးဆိုး (သို့မဟုတ်) မင်းအောင်လှိုင် ယူရမည့် သင်ခန်းစာ

Must read

By ရန်ကုန်ခေတ်သစ်

အာဏာရှင် ဆိုတာဟာ မိမိရဲ့ အာဏာရရှိရေး ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူတွေ အပါအဝင် ဘယ်သူ့ကိုမဆို သတ်ဖြတ် စတေးဖို့ ဝန်မလေးတတ်ဘူးဆိုတာ သမိုင်းသက်သေတွေ မြောက်များစွာရှိခဲ့ပြီး ဖြစ်ပါတယ်။

အခု ဒီဆောင်းပါးမှာတော့ အာဏာရှင် ကဒါဖီ ကျဆုံးခန်းမှာ မိတ်ဆွေဖြစ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ တုံ့ပြန်မှုကို အဓိက တင်ပြမှာ ဖြစ်ပါတယ်။ ရုရှားနဲ့ လစ်ဗျား နောက်ခံသမိုင်းကြောင်းတွေကို ရှည်ရှည်ဝေးဝေး ပြောမှာမဟုတ်ဘဲ အတို ချုပ်ပဲ ဖော်ပြမှာဖြစ်သလို အာဏာရှင်တွေရဲ့ စိတ်နေစိတ်ထားကို အဓိက သိစေချင်တာဖြစ်ပါတယ်။

အာဏာရှင် ရုရှားသမ္မတ ပူတင်

ယူကရိန်းနိုင်ငံကို အကြောင်းပြချက်မရှိဘဲ ကျူးကျော်ခဲ့တဲ့ ရုရှားသမ္မတပူတင်က အာဏာရရှိရေး စိတ်တိုင်းကျ ဥပဒေတွေကို ခြယ်လှယ် လုပ်ကိုင်နေတဲ့ အာဏာ ရှင်တစ်ဦးဆိုရင် မမှားပါဘူး။

ရုရှားသမ္မတ Boris Yeltsin က သမ္မတအဖြစ်မှ နုတ်ထွက်ကြောင်း ၁၉၉၉ ခုနှစ်နှစ်ကုန်မှာ ကြေညာပြီး ပူတင်ကိုဆက်ခံသူ သမ္မတအဖြစ် ရွေးချယ်ချိန်မှစတင်ပြီး ပူတင်က ရုရှားသမ္မတဖြစ်လာခဲ့တာပါ။

အဲဒီနောက် ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ် မေလအထိ သမ္မတ သက်တမ်း နှစ်ဆက်၊ အဲဒီနောက် ၂၀၀၈ ခုနှစ် မေလမှ ၂၀၁၂ ခုစ် မေလ အထိ ရုရှားဝန်ကြီး ချုပ် အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်ကနေ အခုအချိန်အထိ ရုရှားသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ သူရဲ့ သမ္မတသက်တမ်းကို ၂၀၃၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်လို့ရအောင်လည်း ဥပဒေတွေ အမျိုးမျိုး သူပြုပြင်ပါတယ်။

၂၀၀၀ ခုနှစ်ကတည်းက အခုအချိန်အထိ ရာထူး၊ အာဏာကို ပုံစံအမျိုးမျိုးနဲ့ ရယူ ထိန်းချုပ်လာခဲ့တဲ့ပူတင်ဟာ တကယ်တော့ အာဏာရှင်တစ်ဦးပါပဲ။ အတိုက်အခံတွေ အဆိပ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာ စတဲ့ ရက်စက်မှုများစွာ အသုံးပြုပြီး ဖိနှိပ်သူလည်းဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ယူကရိန်းကို ကျူးကျော်တဲ့အထိ လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

လစ်ဗျားခေါင်းဆောင်ကဒါဖီ

ကဒါဖီဟာ လစ်ဗျားနိုင်ငံကို ဆယ်စုနှစ် ၄ စု နီးပါး (၁၉၆၉ -၂၀၁၁) အထိ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ခေါင်းဆောင် ဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကဒါဖီဟာ လစ်ဗျားတော်လှန်ရေးသမား၊ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပါတယ်။

လစ်ဗျား အာရပ် တော်လှန်ရေးအဖွဲ့ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ လစ်ဗျား ဆိုရှယ်လစ်အဖွဲ့ ခေါင်းဆောင်အဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး အာရပ်အမျိုးသားရေးဝါဒ၊ အာရပ်ဆိုရှယ်လစ်ဝါဒတွေကို ချမှတ်ခဲ့တဲ့ အကြွင်းမဲ့ အာဏာရှင် တစ်ဦးလည်းဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံ အသွင်ပြောင်းခဲ့ပြီး ရေနံလုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင် သိမ်းယူခဲ့ပါတယ်။ သူ့လက် ထက်မှာ သတ်ဖြတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။

သူက အမေရိကန်နဲ့ အနောက်အုပ်စုကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တဲ့ အဖွဲ့တွေကို ငွေကြေးထောက်ပံ့ခဲ့ပြီး အရှေ့အလယ်ပိုင်းမှာလည်း သူရဲ့ ဩဇာကျယ် ပြန့်ဖို့နဲ့ အမျိုးသားရေးဝါဒ ထွန်းကားဖို့ ငွေကြေး တွေ မြောက်မြားစွာ ပံ့ပိုး သုံးစွဲခဲ့သူလည်းဖြစ်ပါတယ်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး မပြေလည်မှုတွေကြောင့် ၁၉၈၆ ခုနှစ် အမေရိကန်က လစ်ဗျားကို ဗုံးကျဲခဲ့ပါတယ်။ အဓိကကတော့ အမေရိကန်တွေသေဆုံးစေခဲ့တဲ့ အနောက်ဘာလင်နေရာတစ်ခု ဗုံးခွဲမှုမှာ လစ်ဗျားက အဓိက ကြိုးကိုင်ခဲ့တာကြောင့်ပါ။

၂၀၁၁ ခုနှစ်မှာ အာရပ်နွေဦးတော်လှန်ရေးကြောင့် လစ်ဗျားနိုင်ငံတစ်ဝန်းမှာ အာဏာရှင် ကဒါဖီပြုတ်ကျရေး ဆန္ဒပြပွဲတွေကတစ်ဆင့် ပြည်တွင်းစစ် တကျော့ ပြန်ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတွင်း ထွက်ပြေး တိမ်းရှောင်ရင်း ကဒါဖီ ဆန့်ကျင်ရေး ကောင်စီ(NTC)ရဲ့ ဖမ်းဆီးခြင်းခံရပြီး သေနတ်ဒဏ်ရာနဲ့ လမ်းပေါ်မှာပဲ ကဒါဖီ သေဆုံးသွားခဲ့ရပါတယ်။

ရုရှားဖောက်သည် လစ်ဗျား

၁၉၆၉ ခုနှစ် လစ်ဗျားဘုရင်ကို ဖြုတ်ချပြီး ကဒါဖီ အာဏာရလာချိန်မှာ ပထမဆုံး လစ်ဗျားအစိုးရသစ်ကို အသိ အမှတ်ပြုတာက ဆိုဗီယက်ယူနီယံ(ယခု ရုရှားနိုင်ငံ) ဖြစ်ပါတယ်။ နယ်ပယ်အားလုံးမှာ ဆိုဗီယက်ရုရှားက လစ်ဗျားနဲ့ ပူး ပေါင်းဆောင်ရွက်ခဲ့ပြီး ကဒါဖီက ၁၉၇၆၊ ၁၉၈၁ နဲ့ ၁၉၈၅ ခုနှစ်တွေမှာ ဆိုဗီယက် ကို တရားဝင်သွားရောက်လည်ပတ်ခဲ့ပါတယ်။

ရုရှားထံကနေ လစ်ဗျားက စစ်လက်နက် ပစ္စည်းတွေ အမြောက်အမြား ဒေါ်လာ ဘီလီယံချီ ဝယ်ယူတဲ့ ဖောက်သည်ကြီးလည်းဖြစ်ပါတယ်။ ကဒါဖီဟာ ရုရှားရဲ့ ဖောက်သည်ဖြစ်ပါတယ်။ ကဒါဖီဟာ ရုရှားရဲ့ ဖောက်သည်ကြီးဖြစ်သလို နှစ်နိုင်ငံ ရွှေလမ်း ငွေလမ်းခင်းခဲ့ကြတာပါ။

ပူတင်နဲ့ကဒါဖီ တွေ့ဆုံမှု

၂၀၀၈ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ရုရှားသမ္မတပူတင်ဟာ လစ်ဗျားကို သွား ရောက်လည်ပတ်ပြီး လစ်ဗျားကဒါဖီနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ရွှေလမ်း ငွေလမ်းဖောက်ခဲ့ကြပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှု စာချုပ်တွေ၊ လစ်ဗျားနိုင်ငံ ကာကွယ်‌ရေးစနစ် တိုးမြှင့်ဖို့တွေ အပါအဝင် ပူတင်နဲ့ ကဒါဖီအကြား ပြုံးပြုံးရယ်ရယ် ပျော်ပျော်ရွှင်ရွှင်နဲ့ မိတ်ဆွေအဖြစ် ကြည်ကြည်နူးနူးရှိခဲ့ကြတယ်။

ပူတင်က ကဒါဖီကို ရှရှားလာဖို့ ဖိတ်ခဲ့တဲ့အပြင် အမြဲတမ်းမဟာမိတ်တွေအဖြစ် ဆိုတာတွေကိုပါ ပြောဆိုခဲ့ကြတာပါ။

အသေဆိုးတဲ့ ကဒါဖီ သေဆုံးချိန် ပူတင်ရဲ့ မှတ်ချက်

ဆန္ဒပြပွဲတွေနဲ့ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကဒါဖီဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတွင်းမှာ ဆန့်ကျင်သူတွေရဲ့ လက်ချက်နဲ့ အသေဆိုးစွာ သေဆုံးခဲ့ရပါတယ်။

ကဒါဖီ သေဆုံးချိန်မှာ မိတ်ဆွေကြီး ရုရှားသမ္မတပူတင်(ထိုအချိန်မှာ အခြေခံဥပဒေ အတားအဆီးကြောင့် သမ္မတလုပ်ခွင့်မရလို့ ရုရှားဝန်ကြီးချုပ်ဖြစ်နေချိန်) က ကဒါဖီအလောင်းကို မြင်ရတာ စိတ်ညစ်ညူးဖွယ်ရာ မနှစ်မြို့ဖွယ်ရာလို့ ပဲမှတ်ချက်ပြုခဲ့ပါတယ်။

ကဒါဖီ သေဆုံးချိန်မှာ မိတ်ဆွေဖြစ်သူ ပူတင်ရဲ့ မှတ်ချက်ကိုလည်း ကြည့်ရအောင်ပါ။

“ကဒါဖီ မိသားစုဝင်အားလုံး အသတ်ခံလိုက်ရတယ်။ ကဒါဖီအလောင်းကို ကမ္ဘာ့ရုပ်မြင်သံကြားလိုင်းတွေအားလုံးမှာ ပြသနေတယ်။ ဒါတွေကို မြင်ရတာ စိတ်ညစ် ညူးဖွယ်ရာနဲ့ မနှစ်မြို့ဖွယ်ရာပါပဲ။ သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ကဒါဖီ အသက်ရှင်နေသေးပေမယ့် သူ့ဘ၀က အဆုံးသတ်ခံလိုက်ရတယ်” လို့ ပူတင်က မှတ်ချက်ပြုခဲ့ပါတယ်။

ပူတင်ရဲ့ မှတ်ချက်ထဲမှာ တွေ့ဆုံချိန်က ခင်မင် ရွှင်ပြုံးခဲ့ရသူ မိတ်ဆွေ ကဒါဖီအတွက် ဝမ်းနည်းတယ် ဆိုတဲ့ စကားလုံး တစ်လုံးမပါသလို နိုင်ငံရေးအရလည်း မဖြစ်သင့်ဘူးလို့ မပြောသွားပါဘူး။

“ကိုယ်ဖြစ်ကိုယ်ခံ မင်းကို မြင်ရတာ ငါတော့ စိတ်ညစ်တယ်” လို့ ပူတင် ပြောသွားသလိုပါပဲ။

အကြမ်းဖက် မင်းအောင်လှိုင်အတွက် သင်ခန်းစာ

မင်းအောင်လှိုင်ဟာ ရုရှားသမ္မပူတင် လက်အုပ်လေးချီလို့ မင်္ဂလာပါဆိုပြီး အပြေးအလွှား နှုတ်ဆက်နေရပါတယ်။ သူ့စိတ်ထဲမယ် ပူတင်ဟာ သူ့ရဲ့ ကယ်တင်ရှင်လို့ မှတ်ယူထားပုံရပါတယ်။ အကြိမ်ကြိမ် တွေ့ဖို့ ကြိုးစားခဲ့ပေမယ့် အခုမှ တွေ့ခွင့်ရလို့ အတော်ကို ပျော်မြူးနေပုံပါပဲ။

တကယ်တော့ ပူတင်ကလည်း တစ်ကမ္ဘာလုံး ၀ိုင်းပယ်ခံထားရလို့ မင်းအောင် လှိုင် ဘာမှ အရေးမပါတဲ့ နိုင်ငံတစ်ခုက လူကို လက်ခံ တွေ့ဆုံတယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

တစ်ချိန်က ရေနံနဲ့ ကြွယ်၀ချမ်းသာပြီး ကမ္ဘာ့နိုင်ငံရေး ဇတ်ခုံပေါ်မှာ လူစွာဖြစ်တဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီလို မိတ်ဆွေမျိုးကိုတောင် အလေးမထားခဲ့တဲ့ ပူတင်ဟာ မင်းအောင်လှိုင်လို အကြမ်းဖက် စစ်ခေါင်းဆောင်တစ်ယောက်ကိုလည်း သူ့အကျိုးစီးပွားအတွက် အသုံးချဖို့နဲ့ လက်နက်ရောင်းဖို့ပဲ စိတ်ဝင်စားတာပါ။ ပူတင်ကိုယ်တိုင်ကလည်း ကဒါဖီလို အဆုံးသတ် ဖြစ်မှာကို စိုးရိမ်နေရချိန်ဖြစ်ပါတယ်။

ကဒါဖီလို အဆုံးသတ်ရမယ့် မင်းအောင်လှိုင်အနေနဲ့လည်း သူအဆုံးသတ်ချိန်မှာ ပူတင်ဟာ ကာကွယ်ပေးနိုင်မယ့် သူမဟုတ်ဘူးဆိုတာ ကြိုတင် သင်ခန်းစာ ယူသင့်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article