30 C
Yangon

ရန်ကုန်မြို့တွင် စစ်တပ်၊ ရဲနှင့်ယာဉ်ထိန်းရဲများ စစ်ဆေးရေးပုံစံဖြင့် အကြောင်းမဲ့ ငွေတောင်းယူမှုများ များပြားလာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

ရန်ကုန်မြို့တွင် စစ်တပ်၊ ရဲနှင့် ယာဉ်ထိန်းရဲများက ကားများ၊ ပြည်သူများကို စစ်ဆေးရေးပုံစံဖြင့် တွေ့သည့်နေရာတွင် ရှာဖွေစစ်ဆေးပြီး ငွေတောင်းယူများ အလွန်များပြားလာနေကြောင်း ရန်ကုန်မြို့ ပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယခင်က ကားများကို တားဆီးစစ်ဆေးခြင်း၊ လူများကို စစ်ဆေးခြင်းများ လုပ်ဆောင်ရာတွင် မည်သည့်အရာမှ မတွေ့လျှင် သွားခွင့်ပြုသော်လည်း ယခု ဩဂုတ်လကုန်ပိုင်း၊ စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး ရန်ကုန်မြို့လယ် ခေါင် ရွှေဘုံသာလမ်းကဲ့သို့သော နေရာတွင်ပင် ငွေတောင်းယူများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သိရှိရသည်။

“စက်တင်ဘာလ ၆ ရက်နေ့ ရွှေဘုံသာလမ်းထဲကို စစ်သားတွေ ရဲတွေဝင်လာပြီး ရွှေဆိုင်တွေကို ငွေတောင်းတယ်။ လူတွေကိုလည်း တစ်ဦးကို တစ်သောင်း တောင်းတယ်။ ဘာမှ မဟုတ်ဘူး ။ ပေးရမယ်ဆိုပြီး ပေးခိုင်းတာ။ ပေးလိုက်ရတဲ့သူတွေ တော်တော်များတယ်” ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။

ထို့ပြင် လမ်းဆုံလမ်းခွများ၊ လမ်းဘေးများတွင် ယာဉ်ထိန်းရဲကား၊ လိုက်ထရပ်ကားများရပ်၍ ရဲနှင့်စစ်သားများက လက်နက်များကိုင်ကာ ငွေတောင်းယူမှုများလည်း ဆက်တိုက်ဆိုသလို ကြုံတွေ့ရသည်ဟု ရန်ကုန်မှ တက္ကစီယာဉ်မောင်းများထံမှ သိရှိရသည်။

စက်တင်ဘာလ ၇ ရက်နေ့ ရန်ကုန်မြို့ ၊ စိန်ဂျွန်း၊ မင်းရဲကျော်စွာလမ်း၊ ကုတင် ၅၀၀ ဆေးရုံသစ်ရှေ့ယာဉ်ထိန်းရဲ ကားတစ်စီးရပ်ကာ ကားများကို တားဆီးပြီး တစ်စီးလျှင် အနည်းဆုံး ငွေကျပ် ၃ သောင်း အတင်းအကျပ် တောင်းယူကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ကားကို တားတယ်။ ရပ်ပေးတယ်။ လိုင်စင်စစ်တယ်။ ဝှီးတက်စစ်တယ်။ မှတ်ပုံတင်စစ်တယ်။ အကုန်ပါတယ်။ အမှန်အကန်တွေချည်းပဲ။ အားလုံးအမှားအယွင်းမရှိတော့ ငွေ ၃ သောင်းတောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေးရမယ်။ မပေးရင် ဖမ်းချုပ်မယ်ပြောတယ်။ ဘာအမှုမှလည်းမရှိဘဲနဲ့ကိုတောင်းတာ။ အကြောင်းမဲ့ ကားတွေတားပြီး
ပိုက်ဆံလိုက်တောင်းနေတာ။ လိုင်စင်ကို သိမ်းသွားတယ်။ တစ်ယောက်လိုင်စင်သိမ်းသွားတယ်။ တစ်ယောက်ကပိုက်ဆံသုံးသောင်းတောင်းတယ်။ ပြန်မပေးသွားဘူးလိုင်စင်င်ကို။ ကား ၅ စီးလောက်လုပ်တာ။ အရှေ့မှာတင်ဘယ်လောက်လုပ်လာလဲတော့မသိဘူး။ ရန်ကုန်စိန်ဂျွန်း ကုတင်ငါးရာရှေ့မျက်စောင်းထိုးနားမှာလုပ်တာ။” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ အနီး စစ်တပ်ရှေ့နှင့် စစ်ဆေးရုံရှေ့ နေရာများတွင် ဆိုင်ကယ်များကို ပေးမဖြတ်ဘဲ ဆိုင်ကယ်ဖြတ်လျှင် ဖုန်းသိမ်းခြင်း၊ ငွေတောင်းခြင်း၊ကားများကို စစ်ဆေး ငွေတောင်းယူခြင်းများကို စစ်တပ်က ဂိတ်ချ လုပ်ဆောင်နေကြောင်း သိရှိရသည်။

” ခရေပင်လမ်းခွဲဘက် တပ်တွေရှိတဲ့ဘက်မှာ တပ်ရှေ့က ဆိုင်ကယ် မပေးမဖြတ်တော့ဘူး။ ဇူလိုင်လလောက်ကတည်းက ။ ဆိုင်ကယ်ဖြတ်ရင် ငွေတောင်းတယ်။ ဖုန်းတွေသိမ်းတယ်။ မသင်္ကာရင် ခေါ်ရိုက်တယ်။ ကားတွေကိုလည်း စစ်တယ်။ ငွေတောင်းတယ်။ တပ်က ဂိတ်ချပြီးတော့ လုပ်နေတာ။ ငွေရပေါက်လမ်းကြီးဖြစ်နေတာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင် တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ စစ်တပ်၊ ရဲ၊ နှင့် ယာဉ်ထိန်းရဲများကိုယ်တိုင် ဓားပြတိုက်၊ ဆက်ကြေး တောင်းနေသကဲ့သို့ဖြစ်လာသည်ဟု ရန်ကုန်မြိုု့ ပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်မြို့၊ စိန်ဂျွန်း ကုတင် ၅၀၀ ဆေးရုံရှေ့တွင် စက်တင်ဘာလ ၇ ရက်နေ့ ကားများကို အကြောင်းမဲ့ ဖမ်းဆီး လိုင်စင်သိမ်း ယာဉ်ထိန်းရဲကား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article