ရန်ကုန်၊ စက်တင်ဘာ ၉
ရန်ကုန် မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းဆုံ မီးပွိုင့်အနီးရှိ အကြမ်းဖက် စစ် တပ်ဂိတ်ကို စက်တင်ဘာလ ၈ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် HRU အဖွဲ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း Human Rights Defenders အဖွဲ့က ရန်ကုန်ခေတ်သစ်ကို ပြောသည်။
အလားတူ ရန်ကုန် အင်းစိန်မြို့နယ် ပြည်လမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ ၁၀ မိုင် တပ်မတော် အရာရှိ ရိပ်သာကို WOH အဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်ခန့်တွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြု နိုင်သေးကြောင်း War of Hunter Revolution Force (WOH) အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း ပဲခူးမြို့နယ်သို့ ကျောက်တန်းရွာ နယ်မြေရဲစခန်းမှ သေနတ် ၂ လက် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာကို ဝင်ရောက် စီးနင်းကာ ဒေသခံ ပြည်သူများကို အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးနေသောကြောင့် ရွာလုံးကျွတ် အိမ်ပြင်မထွက်ရဲကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဘောနီကျေးရွာ အုပ်ချုပ်ရေးမှူး မြင့်ငွေ နေအိမ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စက်တင်ဘာလ ၉ ရက်နေ့ နံနက် အစောပိုင်းတွင် သေနတ်ဖြင့် သတိပေး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မြင့်ငွေ သတင်းပေးမှုကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း၊ PDF တပ်ဖွဲ့ကို အကြမ်းဖက် သမားများဟု ပြောဆိုခြင်းနှင့် လက်သုံးချောင်း ထောင်သော ပြည်သူများ ခြိမ်းခြောက်သောကြောင့် သတိပေး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” အုပ်ကြီးအိမ်ကို သေနတ်နဲ့ သုံးချက်ပစ်ပြီး သတိပေးခဲ့ပါတယ်။ အမည်က မြင့်ငွေပါ။ စစ်မှုထမ်းဟောင်း တစ်ဦးလည်းဟုတ်တယ်။ လက်ရှိမှာတော့ ပင်စင်စားဟအုပ်ကြီး ဒလန်အကြီးစားပါ။ ပြည်သူတွေကို လက်သုံးချောင်းမထောင် ရဘူးလို့ အမြဲခြိမ်းခြောက်တယ်။ PDF တပ်ဖွဲ့ကို အကြမ်းဖက် သမားတွေလို့ အမြဲပြောတယ်။ ပြီးခဲ့တဲ့မတ်လတုန်းကလည်း ဒေသကာကွယ်ရေး အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးရာမှာလည်း သူကိုယ်တိုင်ပါဝင်ခဲ့တယ်။ မိုင်း ၂၀ ကျော်နဲ့ သေနတ်၂ လက်နဲ့ ရဲဘော် ၂ ဦး အဖမ်းခံရပါတယ်” ဟု ကာကွယ်ရေး တပ်ဖွဲ့တင် တစ်ဦးကပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်၊ ခရေပင်လမ်းခွဲတွင် စစ်တပ်က ဂိတ်ချ စစ်ဆေးနေစဉ်။