ရန်ကုန်၊ စက်တင်ဘာ ၉
ရှမ်းပြည်နယ်နှင့်ကရင်ပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် ယမန်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိပြီးနောက် ယနေ့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်လေယာဉ်ဖြင့်လည်း ဗုံးကျဲမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး စစ်တပ်က မိုးဗြဲကို လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်ပြီး စစ်အင်အားအများအပြားတိုးချဲ့လာကြောင်း၊ တင့်ကားများအပါအဝင် စစ်ကားအများအပြား မိုးဗြဲဘက်သို့ ဦးတည်သွားနေကြောင်း၊ ညနေ ၃ နာရီကျော်ချိန်တွင် တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မနက်ပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ ပစ်တာ တောက်လျှောက်ပဲ။ မနေ့က တစ်နေကုန်လည်း တိုက်ပွဲပြင်းထန်တယ်။ ဖြစ်တာက မိုးဗြဲမြို့ပြင်ဘက်မှာ။ ဒါပေမယ့် ပစ်ခတ်သံတွေက အတိုင်းသားကြားနေရတယ်။ လက်နက်ကြီးတွေက တအုန်းအုန်းနဲ့ကို ပစ်တာ။ ညနေ ၃ နာရီကျော်လောက်မှာ လေယာဉ်တွေ ဗုံးကျဲတယ်။ ပစ်တယ်။ အတော်ဆိုးတယ်။ မြို့ပေါ်မှာလည်း တချို့ရှိသေးတော့ ဘယ်မှ မထွက်ရဲဘူး။ အခြေအနေဆိုးတယ်” ဟု မိုးဗြဲဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင်လည်း ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန် CDF-MINDATနှင့်စစ်ကောင်စီတပ်များ မယ်လယ်ကုန်း အနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျောက်ထုအမြှောက်တပ်မှ လက်နက်ကြီး ပစ်ကူနေကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း CDF-MINDAT (သတင်းနှင့်ပြန်ကြားရေးဌာန)က သတင်းထုတ်ပြန်သည်။
အလားတူပင် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီ ၄၈ မိနစ်အချိန် မုံရွာ-မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် စစ်ကိုင်းမှမုံရွာသို့ထွက်လာသော စောက်ကောင်စီ၏ ၈ စီးပါ စစ်ယာဥ်တန်းကို ပဒေသာ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးသွားကြောင်း People’s Defence Force – South Monywaက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များ၏ ဗုံးကျဲ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်။)