ရန်ကုန်၊ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ကနီမြို့နယ်တွင် သြဂုတ်လ ၁၉ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၄၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း Triple Tow Task Force အဖွဲ့မှ တာဝန်ရှိသူ ကိုနေကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
၁၂ ရက်ကြာ ထိတွေ့တိုက်ပွဲသည် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဥ်များဖြင့် လာချပေးသည့် စစ်သား ၂၀၀ ခန့်ပါ စစ်ကြောင်း ဖြတ်သန်းခဲ့သည့် လမ်းကြောင်းတလျောက် ကာကွယ်ရေး တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်က အရက်သား အသွင်ယူကာ ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် PDF ရဲဘော် ၅ ဦးကျဆုံးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း ယင်းမာပင် ရင်ပေါင်တိုင်ကျေးရွာ သီးကုန်ရွာ၊ ဝင်းကုန်းရွာ သင်္ဃန်းတောရွာနှင့် ယာကြီး-ကလေးဝ လမ်းပိုင်းတွင် အနီးတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ပြင်းထန်ခဲ့ပြီး ဝင်းကုန်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်သား ၃၀ ဦးထက်နည်း မ သေဆုံးခဲ့ကြောင်း သိရသည်။
” တိုက်ပွဲတွေက သြဂုတ်လ ၁၉ ရက်နေ့က စဖြစ်တာပေါ့။ တိုက်ပွဲကြာချိန်က ၁၂ ရက်ကြာတယ်။ အဓိက ထိတွေ့မှုဖြစ်တဲ့နေရာက ယင်းမာပင် ရင်ပေါင်တိုင်ကျေးရွာ၊ သီးကုန်းမှာလည်း ထိတွေ့မှု တိုက်ပွဲ ၂ ပွဲဖြစ်တယ်။ ဝင်းကုန်းရွာအစပ်က ကုန်းပေါ်မှာ တိုက်ပွဲ ၃ ပွဲထပ်ဖြစ်တယ်။ သင်္ဃန်းတော ကျေးရွာမှာက တိုက်ပွဲ ၂ ပွဲထပ်ဖြစ်တယ်။ ယာကြီး-ကလေးဝ လမ်းပေါ်မှာပေါ့။ တိုက်ပွဲတွေအတွင်းမှာ ကျွန်တော်တို့ဘက်က ရဲဘော် ၅ ဦးကျတယ်။ ခွေးဘက်က ၄၀ လောက်ရတယ်။ ထောက်ပို့တွေက ရောက်မလာတော့ ပြန်ဆုတ်မယ် လုပ်တဲ့အချိန်မှာ စစ်ခွေးတွေက ပြည်သူ အယောင်ဆောင်ပြီး ကားလမ်းပေါ်မှာ ကားနဲ့ဆိုင်ကယ်နဲ့ ယာဥ်တိုက်မှုဖြစ်တဲ့ ပုံစံမျိုး အယောင် ဆောင်ပြီး တော်လှန်ရေးရဲဘော်တွေပါတဲ့ ကား ၄ စီးက ပြန်ဆုတ်လာချိန်မှာ ယာဥ်တိုက်မှု ဖြစ်တယ်ဆိုပြီး ကျွန်တော်တို့ ရဲဘော်တွေက ကူညီဖို့ ကားပေါ်က ဆင်းသွားတဲ့အချိန်မှာ စစ်ခွေးတွေက ကားတွေနဲ့ ရောက် လာပြီး အရှင်ဖမ်းပြီးတော့ ပစ်သတ်သွားတာ ကျွန်တော်တို့ဘက်က ခုခံဖို့ အချိန်မရလိုက်ဘူး။ စစ်ခွေး အများဆုံးသေတာက ဝင်းကုန်းတိုက်ပွဲမှာ အဲမှာ ၃၀ လောက်သေတယ်” ဟု Triple Tow Task Force အဖွဲ့မှ တာဝန်ရှိသူ ကိုနေကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယင်းမာပင် ဝင်းကုန်းရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KIA တပ်ဖွဲ့မှ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ပြီး ၁၂ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အပြင်းအထန်ဆုံး ဖြစ်ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များသောကြောင့် လေကြောင်း ပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု များပြားခဲ့သောကြောင့် တပ်ပျက်ကာ ကနီမြို့နယ်အတွင်း ထွက်ပြေးစဥ် ကာကွယ်ရေး တပ်ဖွဲ့များမှ လိုက်လံ တိုက်ခိုက်ခဲ့ပြီး ကနီမြို့နယ် သင်္ဃန်းတောနှင့် အင်းပေါ်တို့တွင်လည်း ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Triple Tow Task Force ၊ Monywa special force ၊ ချင်းတွင်းဂဠုန်ရာဇာ ၊ ရိုးမဖိုက်တာ ၊ ယင်းမာပင် Local PDF ၊ Dragon Brothers Task Force ၊ ယင်းမာပင် ခရိုင်တပ်ရင်း ၁ ၊ Monywa Truth of Force တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၁၂ ရက်တာ တိုက်ခိုက်ခဲ့သောကြောင့် လက်ရှိချိန်တွင် ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် လက်နက်၊ ခဲယမ်းဖြည့်တင်းရန် ရန်ပုံငွေ လိုအပ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ တိုက်ပွဲဝင် ပုံရိပ်။
