ရန်ကုန်၊ စက်တင်ဘာ ၉
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲကို အမျိုးသား ညီညွတ်ရေး အစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် NUG ဂျပန် ရုံးမှ အဖွဲ့ဝင် တချို့လည်း လူထုနှင့် တသားတည်း အတူတကွရှိနေကြောင်းပြသသည့်အနေဖြင့် ပူးပေါင်းပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ နိုင်ငံ အသီးသီးတွင် ရောက်ရှိနေကြသော ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားများ၏ ဆန္ဒနှင့်အနီးစပ်ဆုံး ထပ်တူကြနိုင်မည့် ပေးစာတစ်စောင်ကိုလည်း ဂျပန်နိုင်ငံတွင်ရှိသော မြန်မာ့အရေးလှုပ်ရှားနေသည့် အဖွဲ့အစည်း ၅၄ ဖွဲ့မှ လက်မှတ်ထိုး ထောက်ခံကာ UN တာဝန်ရှိသူထံသို့ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ လူငယ်အင်အားစုများမှ ဦးဆောင်ပေးအပ်ခဲ့ပြီး လာမည့် စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း ဂျပန်နိုင်ငံရှိ မြို့ကြီး ၈ မြို့တွင်တပြိုင်နက်တည်း ချီတက်ဆန္ဒဖော်ထုတ်မှုများပြုလုပ်ကာ ဦးကျော်မိုးထွန်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်လက်ရှိနေနိုင်စေရေး ၊UN အနေဖြင့် မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားအကောင်အထည်ဖော်ဆောင်ရွက်ရေးတို့အတွက် အင်တိုက်အားတိုက်တောင်းဆိုသွားကြမည် ဖြစ်သည်။