23 C
Yangon

မောင်တောတွင် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဆက်ဖြစ်ပြီး ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကျည်များ ထပ်မံ ကျရောက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် ဗုံးကျဲသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကျည်များ ထပ်မံ ကျရောက်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ပစ်လိုက်သည့် ဂျက်တိုက်လေယာဉ်များ၏ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ဘင်္ဂလားဒေ့ရ်ှမြန်မာသံအမတ်ကို ၁၅ ရက်အတွင်း သုံးကြိမ်ဆင့်ခေါ်ခံရပြီး စစ်ကောင်စီဖကိက နောက်ထပ် တိုက် လေယာဉ်များဖြင့် ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းသို့ လာရောက်ပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်ကို ယခုကဲ့သို့လက်နက်ကြီးများဖြင့်
ပစ်ခတ်နေမှုကြောင့် ဘင်္ဂလားနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ မြန်မာသံ အမတ်အား သြဂုတ်လ ၂၁ ရက်၊ ၂၈ ရက်နှင့် စက်တင်ဘာ ၅ ရက်နေ့တို့တွင် ဆင့်ခေါ်သတိပေးပြောဆိုမှုများ ရှိခဲ့ပြီးလည်းဖြစ်သည်။

မြန်မာဖက်စစ်တပ်ဘက်က လက်နက်ကြီးကျည်များအဆက်မပြတ်ပစ်ခတ်ခြင်း၊ ဂျက်တိုက်လေယာဥ်များဖြင့် လေကြောင်းလိုင်း ကျူးကျော်ကာပစ်ခတ်ခြင်းတို့ ကြောင့် နယ်စပ်ရှိ ကျေးရွာများကျရောက် ထိခိုကိ ဒဏ်ရာရရှိတို့ ရှိနေကြောင်း ဒေသခံများက ပြောသည်။

သို့သော်လက်ရှိအချိန်ထိ လေကြောင်းမှပစ်ခတ်မှုများ၊ လက်နက်ကြီးကျရောက်မှုတို့မှာ ဆက်တိုက်ရှိနေဆဲဖြစ်ရာ ယခုကဲ့သို့ကျူးကျော်ရန်စနေမှုကို ဘင်္ဂလားပြည်သူတစ်ရပ်လုံးက ကန့်ကွက်ကြောင်း လက်နက်ကြီး ကျရောက်ခဲ့သည့် ရဲစုကျေးရွာမှ အာဒူးရောရှီးက Western News ကိုပြောသည်။

“လက်နက်ကြီးတွေနဲ့ ကျနော်တို့ဖက်ကို လှမ်းလှမ်းပစ်နေတာ။ ဂျက်လေယာဥ်တွေ၊ ဟယ်လီကော်ပတာတွေနဲ့ လေကြောင်းပစ်ခတ်မှုလုပ်နေတာတွေက ရက်ပေါင်း ၁၀ ရက်ကျော်ရှိနေပါပြီ။ ဒီလိုကိုယ့်တိုင်းပြည်ဖက်ကို ကျူးကျော်ရန်စနေတာတွေကို လုံးဝခွင့်လွှတ်လို့မရပါဘူး” ဟုပြောသည်။

မြန်မာဘက်မှ ပစ်ခတ်မှုများမှာ ဘင်္ဂလားနိုင်ငံ ရေဇူးရွာနားဝန်းကျင်တွင်ကျရောက်မှုရှိပြီး ထိုအနီးအနားတစ်ဝိုက်တွင်မှု နိုင်ခွန်ချာရီခရိုင်၊ ဂန်ဒန်မြို့နားမှာ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ၊ မရမာ၊ သက် စသည့်လူမျိုးများ နေထိုင်ရာကျေးရွာအများအပြားရှိနေခြင်းဖြစ်ရာ စက်တင်ဘာ ၈ ရက်နေ့မြန်မာဖက်က ဂျတ်တိုက်လေယာဉ် ၂ စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူတို့ပစ်တဲ့ဖက်ခြမ်းမှာ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ၊ မရာမာ၊ သက် စတဲ့လူမျိုးကျေးရွာတွေအသီးသီးရှိကြတယ်။ ကျနော်တို့ကအကုန်လုံးချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်ကိုတစ်ယောက် တလေးတစားနဲ့နေလာကြတာ။ အခုရခိုင်ဖက်ခြမ်းမှာ မတည်ငြိမ်မှုတွေဖြစ်တာကြောင့် ဒီဖက်ကိုလှမ်းပစ်နေတော့ ဒီနေရာမှာ ရခိုင်လူမျိုးတွေရှိနေလို့ဆိုပြီး ချစ်ခင်မှုပျက်ပြားအောင် ပဋိပက္ခအသွင်ဆောင်လာအောင် လှုံဆောင်နေတာမျိုးဖြစ်နေတယ်” ဟုပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ သြဂုတ်လမှစတင်၍ ရခိုင်ပြည်နယ်တွင်း တကျောတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျှက်ရှိနေရာ ထိုအထဲမှ သြဂုတ်လ ၃၁ ရက် နေ့တွင် ဘင်္ဂလားနယ်စပ်အနီး မိုင်တိုင် ၄၀ စခန်းအား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်သိမ်းပိုက်နိုင်မှုရှိခဲ့သည်။

စစ်ကောင်စီဖက်မှ ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်သွားသည့် မိုင်တိုင် ၄၀ အနီးအထိုင်ချစခန်းကိုပြန်လည်ရယူရန် အင်အားများဖြည့်တင်းကာ တိုက်ခိုက်မှုပြုလုပ်နေကြောင်း စက်တင်ဘာ ၁ ရက်နေ့ စစ်ကောင်စီထုတ် သတင်းစာတွင်ဖော်ပြခဲ့သည်။

လက်ရှိတွင်လည်း ဘင်္ဂလားနိုင်ငံနှင့် နယ်နိမိတ်အစပ်ရှိနေသည့် မောင်တောမြောက်ပိုင်းဖက် ခမောင်းဆိပ်အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားမှုရှိနေဆဲဖြစ်ကာ စစ်ကောင်စီဖက်မှ လေကြောင်းအသုံးပြုတိုက်ခိုက်မှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါတိုက်ပွဲၔရိယာနှင့် နီးစပ်သည့် ဒေသတစ်ဝိုက်မှ ကျေးရွာသားများကပြောသည်။

နယ်စပ်မျဥ်ကြားတစ်ဖက်တွင် ထိုသို့မတည်ငြိမ်မှုဖြစ်လျှက်ရှိနေသည့်အခြေနေတွင် မြန်မာစစ်ကောင်စီတပ်ဖက်မှနေ၍ ဘင်္ဂလားဖက်ခြမ်းရှိကျေးရွာများဖက်သို့ လက်နက်ကျည်များပစ်ခတ်မှုတို့ရှိနေရာ ထိခိုက်မှုမရှိသေးသော်လည်း အထိတ်တလန့်ဖြစ်နေကြရသည်ဟု ဘင်္ဂလားဖက်ခြမ်းတွင်နေထိုင်သည့် ဒေသခံများကပြောသည်။

ဓာတ်ပုံ- စစ်ကောင်စီက ဘင်္ဂလားဒေ့ချ်အဖက်ခြမ်းရဲစုကျေးရွာသို့ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များ။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article