ရန်ကုန်၊ စက်တင်ဘာ ၁၅
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ်လျှောက်ထားနေမှုများကို ပြင်းထန်စွာ အရေးယူသွားရန် ပြည် ထဲရေး ဝန်ကြီးဌာနက အရပ်ဘက်ဝန်ကြီးဌာနများထံ တရားဝင် ညွှန်ကြား လာကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားမည့် ဝန်ကြီးဌာန အရာရှိတစ်ဦးကို နောက် ကြောင်းရာဇဝင်စုံစမ်းရာ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားရယူထားပြီး လက်ဝယ်တွင် ကိုင်ဆောင်ထားကြောင်း၊ ထို့ကြောင့် နောက်ကြောင်းရာဇဝင် မကင်းရှင်းသည်ဆိုကာ ပညာတော်သင်သွားမည့်ကိစ္စကို ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။
“ရိုးရိုး နိုင်ငံကူးလက်မှတ်မှာ အစိုးရဝန်ထမ်း မဟုတ်ပါဘူးဆိုတဲ့ ခံဝန်ချက်ကို လက်မှတ်လိမ်ထိုးပြီး ဝန်ထမ်းတွေကလည်း နိုင်ငံကူးလက်မှတ်လုပ်ထားကြတာတွေ အများကြီးပဲ။ အခုကတော့ ပညာ တော်သင်သွားမယ့်သူတွေကို စိစစ်တာမှာ ဒါတွေ့တာ။ ဝန်ထမ်းတွေက ဝန်ကြီးဌာန အလုပ်နဲ့ ပြည်ပသွားမယ်ဆိုရင် အထူး နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတယ်လေ။ ရိုးရိုး နိုင်ငံကူးလက် မှတ် အနီမဟုတ်ဘူး။ ကြည့်ရတာ ဝန်ထမ်းတွေထဲက အရာရှိကြီးတွေ ထွက် ပြေးမှာစိုးလို့ထင်တယ်။ စစ်သားတွေ၊ စစ်ဗိုလ်တွေတောင် လမ်းကြောင်းတွေနဲ့ သာမန် နိုင်ငံကူးလက်မှတ်တွေ လုပ်ထားကြတာပဲ။ အခုကတော့ ပိုပြီး စိစစ် ပိတ် ပင်လာတာ” ဟု နေပြည်တော်ဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြော သည်။
ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် လုပ်ထားပါက ပြန်လည် အပ်နှံရန် နှင့် ဝန်ထမ်းဥပဒေများဖြင့် ပြင်းထန်စွာ အရေး ယူ ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။