ရန်ကုန်၊ စက်တင်ဘာ ၁၅
စက်တင်ဘာလ ဒုတိယတစ်ပတ်အတွင်း မိုးဗြဲနှင့် ကရင်နီပြည်နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၈၅ ဦး ဝန်းကျင်သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။
ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီတပ်မတော် KA၊ KNDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KRU၊ URF၊ နေပြည်တော် PDF၊ Karenni GZ ပူးပေါင်းတပ်ဖွဲ့ကြား စက်တင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ငါးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆၀ ဝန်းကျင် သေဆုံးကြောင်း သိရှိရသည်။
တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ လက်နက်ငယ် ၁၃ လက်၊ လက်နက်ကြီးလက်နက်ငယ် ခဲယမ်းများ၊ ဆက်သွယ်ရေးစက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ရှိ ကတ်သလစ်ဘုရားကျောင်းတွင် တပ်စွဲပြီး အနီးဝန်းကျင်သို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခြင်းကြောင့် အများပြည်သူပိုင် နေအိမ် ၁၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။
ဒီးမော့ဆိုမြို့နယ်အတွင်း၌လည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၃ ရက်တွင် နန်းမယ်ခုံ၊ ဆင်မတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်ရာ စစ်သား ၃ ဦး သေဆုံးကြောင်း၊ မိုးဗြဲ-နန်းမယ်ခုံလမ်း၊ ဝီသဲကူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းခွဲခံရပြီး အရာရှိတစ်ဦဂအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု KNDF က ဆိုသည်။
ဖရူဆိုမြို့နယ်၊ ဒေါညေးခူတွင် စက်တင်ဘာလ ၁၁ ရက်နေ့လယ်၌ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရကြောင်း၊ ထီးသော်ကူးကျေးရွာအနီးရှိ စစ်တပ်စခန်းကို ဝင်တိုက်ရာ စစ်သား ၂ ဦး သေဆုံးကြောင်း KNDF က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် စက်တင်ဘာလ ဒုတိယအပတ်အတွင်း မိုးဗြဲမြို့သို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည့်အပြင် ဒီးမော့ဆိုမြို့နယ် ပူဖား၊ ဒေါခမီးနှင့် နန်းမယ်ခုံကျေးရွာတို့တွင်လည်း အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး ဖရူဆိုမြို့အခြေစိုက် တပ်စခန်းများမှ စစ်ကား ၂၀ ကျော်ပါ စစ်ယာဉ်တန်းဖြင့် ဒီးမော့ဆိုမြို့ဖက်သို့ တပ်အင်အားဖြည့်တင်းခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။