ရန်ကုန်၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သစ်တုံကျေးရွာနှင့်ညောင်လှကျေးရွာကို စစ် တပ်က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး ၊ Mi17 ရဟတ်ယာဉ် ၂ စင်းဖြင့် လာရောက်ပြီး ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း၊ အနီးအနား ဝန်းကျင်တွင် စစ်သားများ ချထားပေးသည့် အခြေအနေရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“တိုက်ပွဲမဖြစ်ဘဲ ဘလိုင်းကြီး လာပစ်တာ။ လက်နက်တောင် မပြည့်စုံတဲ့ နယ် မြေကို ၁၀ ကြိမ်မြောက် ဝင်ရောက်ပစ်ခတ်ခံနေရတာတဲ့အခြေအနေကို ထိပ်ပိုင်းက ကိုင်တွယ်သူတွေ သိစေချင်ပါတယ်။ ဝေဟင်က ဆယ်ကြိမ်မြောက်ပစ် ခတ်ခံနေရခြင်းဖြစ်ပြီး အခြေအနေ မသိရသေးဘူး” ဟု ဒီပဲယင်းမြို့နယ်ညီနောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကို အဓိက ထားအသုံးပြုပြီး ပျောက်ကျား စစ်ဆင်ရေး ဗျူဟာကိုလည်း အသုံးပြုနေပြီဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များ၏ ပြောဆိုချက်များကို ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။