29.2 C
Yangon

ကန့်ဘလူတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အင်ကြင်းစုရွာမှ ဆရာတော် အရှင်သုစိတ္တ နှင့် ပြည်သူများကို ဖမ်းဆီး၊ စစ်တပ်၏လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အင်ကြင်းစုရွာမှ ဆရာတော် အရှင်သုစိတ္တ နှင့် ပြည်သူများကို ဖမ်းဆီးသွားကြောင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ ၄ ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံများနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ကန့်ဘလူမြို့ နယ် ၊ မိဿလင်ကုန်းကျေးရွာကို စစ် တပ်က ဝင်ရောက်စီးနင်းပြီး မွန်းလွဲ ၁ နာရီ ၂၇ မိနစ်အချိန်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၅၂ မိနစ်အချိန်တွင် တစ်ကြိမ် ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ယင်းနောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၇၅ နှစ်အရွယ် ဦးကြယ်နီနှင့် အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဟိန်းတို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“အကြမ်းဖက်စခတွေရဲ့ မီးရှို့ဖျက်ဆီးမှု ကြောင့် ဦးမြတ်သိန်း၊ ဦးမောင်ချို၊ ဦးဖိုးမော် နဲ့ ဦးမောင်ထွန်းတို့ရဲ့ နေအိမ်(၄)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ၂ယောက်လဲ ကျည်ထိမှန်ခဲ့ပါတယ်။ မိဿလင်ရွာမှာ အိမ်ခြေ ၂၇၀ ရှိပြီး လူဦးရေ ၁၃၀၀ ခန့်ရှိပါတယ်။ အခု ရွာလုံးကျွတ် ဘေးလွတ်ရာထွက်ပြေးတိန်းရှောင်နေရပါတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်တပ်က ၆၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်ရာ ချပ်ကုန်းရွာမှ မောင်အောင်ကျော်ဝင်း အသက် ၂၅ နှစ်၊ မောင်အောင်ကျော်မင်း အသက် ၁၅ နှစ် တို့ ကျည်ထိမှန်ခဲ့ကြောင်း ၊ ယင်းနောက် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီ အချိန် ချပ်ကုန်းကျေးရွာသို့ ဝင် ရောက်သွားကြောင်း၊ စက်တင် ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကန့်ဘလူနယ် အင်ကြင်းစုရွာမှ ဆရာတော် ဦးသုစိတ္တနှင့်ဦးဝင်ညွှန့်တို့၂ဦးကို စစ်တပ်နှင့်ပျူစောထီးများက ဖမ်းဆီးသွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကြောင်းက ကျွန်းလှမြို့နယ်အတွင်းသို့ ကျေးရွာများကို လှည့် လည် မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို သတ်ဖြတ်နေသည်မှာ ရက်ပေါင်း ၂၀ ရှိနေပြီ ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျွန်းလှနယ် ရေနံ မှော်ကြီး တစ်မှော်လုံးကို ခမရ ၃၆၁ ၊ ခမရ ၃၆၉ တပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြာကျ ပျက်စီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ကျွန်းလှရေနံမှော် မီးလောင်နေသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article