ရန်ကုန်၊ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် ရေဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းနိုင်သည် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုသည် မိမိကိုယ်ကို သတ်သေခြင်းမဟုတ်ဘဲ ပစ်သတ်ခံရခြင်းဟု ရဲအသိုင်းအ၀ိုင်းက သုံးသပ်သည်။
ဒုရဲမှူးကြီး ဝင်းနိုင်သည် ၎င်းကိုယ်ဆောင်သော ခြောက်လုံးပြူး သေနတ်ဖြင့် ကိုယ်ခန္ဓာကိုယ်တွင် ပစ်ခတ်ထားသော သေနတ်ဒဏ်ရာ ၂ ချက် ဖြင့် သေဆုံးခြင်းဖြစ်ကြောင်း၊ သေနတ်ဒဏ်ရာသည် ရင်ဘတ်နှင့်ဝမ်းဗိုက်တွင် ဒဏ်ရာရရှိထားခြင်းကြောင်း ၊ မိမိကိုယ်ကိုသတ်သေသည်ဟု ပြောဆိုမှုများရှိသော်လည်း ပစ်ခတ်သည့်အနေအထားနှင့် ပစ်ခတ်သည့်ပုံစံအရ အသတ်ခံရမှုဟု ဆိုလျှင် ပိုမို နီးစပ်ကြောင်း ရဲအသိုင်းအ၀ိုင်း ကပြောသည်။
မိမိကိုယ်ကို သတ်သေသည်ဆိုပါက သေနတ်ဖြင့် နှစ်ချက် ဆက်တိုက် ပစ်ခတ်ရန် မဖြစ်နိုင်ဘဲ ရင်ဘတ်နှင့်ဝမ်းဗိုက်ကို ၂ ချက် ပစ်ခတ်ခံရခြင်းဖြစ်၍ ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဆိုနိုင်ကြောင်း ရဲသတင်းရပ်ကွက်က ပြောသည်။
“ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုရင် သေကွင်းသေကွက်တွေကို သူသိတာပဲ။ ဥပမာ-ခေါင်း၊ နားထင် မေးစေ့ အောက် ဒီလိုနေရာတွေက တစ်ချက်တည်း သေကွင်းသေကွက်တွေပဲလေ။ ရင်ဘတ်နဲ့ ဗိုက်ဆိုတာက သေကွင်းသေကွက် မဟုတ်ဘူး။ အဲဒါကြောင့် ဒါဟာ သတ်သေတယ်ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး။ ပစ်သတ်ခံရတာပဲလို့ ပြောလို့ရပါတယ်” ဟု ရဲအသိုင်းအ၀ိုင်းက ဆိုသည်။
အခြား ရေဦး ဒေသ သတင်း ရင်းမြစ်တစ်ခုကမူ ရေဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင် စစ်တပ်ဘက်မှ ဗိုလ်မှူးက ရေဦး ခရိုင်မှူး ဒုရဲမှူးကြီး ဝင်းနိုင်ကို ပစ်ခတ်၍ သေဆုံးသည်ဟု ပြောဆိုထားသည်။
ဓာတ်ပုံ- ကျုံပျော်မှ ရဲတစ်ဦး၏ နာရေး မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)