ရန်ကုန်၊ စက်တင်ဘာ ၁၇
မုံရွာလူငယ်များအစည်းရုံး၊မုံရွာအခြေခံပညာကျောင်းသားများသမဂ္ဂနှင့်မုံရွာတော် လှန်လူငယ်များ ကွန်ယက်တို့ ပူးပေါင်း၍NUG သည်သာ မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုသည့် ပြည်သူ့အစိုးရဖြစ်ကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်သာ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုသည့် ကုလသမဂ္ဂကိုယ်စားလှယ်တော်ကြီးဖြစ်ကြောင်း၊ အာဏာသိမ်း ဖက်ဆစ်စစ်အုပ်စုသည် အကြမ်းဖက်လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်များသာ ဖြစ်ကြောင်း ကြွေးကြော်၊ တောင်းဆို၊ ဖော်ထုတ်ခဲ့ကြပါတယ်။
အခု စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နှစ်စဉ်အထွေထွေညီလာခံ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက်လည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို လုံးဝ လက်မခံရေး၊ ပြည်သူ့အစိုးရ NUG နဲ့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ အာဏာသိမ်း ဖက်ဆစ်စစ်အုပ်စုဘက်ကလည်း မနှစ်က ဒင်းတို့အရှုံးအတွက် မကျေပွဲအနေနဲ့ ဒီနှစ်မှာ ပြန်လည်ကြိုးပမ်းကြဦးမှာ မလွဲပါဘူး။ ဒီတော့ ကျနော်တို့က ကုလသမဂ္ဂမှာ လက်ရှိရထားတဲ့ ကိုယ်စားပြုခွင့် နေရာကို မဆုံးရှုံးရလေအောင် “သရဖူကာကွယ်ပွဲ” ကို ရေကုန်ရေခမ်း အားထုတ်ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိက တာဝန်တွေက ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုတို့ကို ဆောင်ကျဉ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အားကိုး အဓမ္မ အာဏာလုယူမှုကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ဟာ အချိန်နဲ့အမျှ အကြမ်းဖက်ခံနေရတယ်၊ သတ်ဖြတ်ခံနေရ၊ ဖျက်ဆီးခံနေရပါတယ်။ ဒီ အာဏာလု ဖက်ဆစ်အုပ်စုဟာ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ ဖြစ်ကြတယ်။ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို လုံးဝ လက်မခံကြဘူးဆိုတာကို အကြမ်းဖက်ဖိနှိပ်မှုတွေကြားကနေ အချိန်တနှစ်ခွဲကြာမြင့်သည်အထိ ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးက အကောင်းဆုံး သက်သေတည်လျက် ရှိပါတယ်။
တချိန်တည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာပြီး ပြည်သူတရပ်လုံးက ထောက်ခံကြတဲ့ ပြည်သူ့တရားဝင် အစိုးရ ဖြစ်တယ်ဆိုတာက ထင်ရှားပေါ်လွင်ပြီး ဖြစ်ပါတယ်။ NUG နဲ့အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ဟာလဲ ပြည်သူ့ကိုယ်စားပြု၊ တော်လှန်ရေးတပ်ဦး အဖွဲ့အစည်းတွေအဖြစ် ပြည်သူလူထုတရပ်လုံးကက တလေးတနက် သတ်မှတ်လက်ခံထားကြပြီးဖြစ်ပါတယ်။
ဒါ့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့သာမက ကမ္ဘာ့နိုင်ငံတနိုင်ငံချင်းစီကလည်း ပြည်သူ့ အစိုးရဖြစ်တဲ့ NUG အစိုးရကိုသာ မြန်မာ့တရားဝင် အစိုးရအဖြစ် လက်ခံပေးဖို့၊ ပြည်သူ့သဘောဆန္ဒနဲ့အညီ ရပ်တည်ပြီး NUG ရဲ့ ဦးဆောင်မှုနဲ့ချီတက်နေတဲ့ ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုပေးဖို့ မြန်မာပြည်သူတရပ်လုံးက အလေးအနက် တောင်းဆိုအပ်ပါတယ်။
“ငါတို့ အားလုံး ညီညီညွတ်ညွတ်နဲ့စည်းစည်းလုံးလုံးရှိနေရင် ဒီအရေးတော်ပုံကြီး အမြန်ဆုံး အောင်နိုင်မှာ ဖြစ်ပါတယ်။ အားလုံးပဲ မြေပေါ်၊မြေအောက် အတူတကွ စည်းစည်းလုံးလုံးနဲ့ပန်းတိုင်ကို အရောက်သွားကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခမျာ။
အရေးတော်ပုံ အောင်ရမည်။