ရန်ကုန်၊ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ လမ်းသွားလမ်းလာများကို ခြိမ်းခြောက်ငွေညှစ်နေသည့် ပျူစောထီးအဖွဲ့ကို စက်တင်ဘာလ ၁၆ ရက် ယမန်နေ့တွင် PDF – South Monywa အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၇ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်တွင် တောပုကျေးရွာမှ ပျူစောထီးများသည် ဆည်ပေါက်တွဲအနီး၌ လမ်းသွားလမ်းလာများထံမှ ဆိုင်ကယ်များ၊ ဖုန်းများကို သိမ်းယူခြင်း၊ အမျိုးသမီးများကို ကာအိန္ဒြေပျက်သည်အထိ အဓမ္မ စစ်ဆေးခြင်းများ ပြုလုပ်နေစဉ် ၄၀ မမ လက်နက်ကြီးများအပါအဝင် လက်နက်ငယ်များဖြင့် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF – South Monywa အဖွဲ့ထံမှ သိရှိရသည်။
ပစ်ခတ်တိုက်ခိုက်ပြီးနောက် ပျူစောထီး အများအပြား ထပ်မံရောက်ရှိလာသဖြင့် လက်နက်များ ရယူခြင်းမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းနှင့် ပျူစောထီးများသည် အနီးဝန်းကျင်ကျေးရွာများကို ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း PDF – South Monywa က သတင်းထုတ်ပြန်ထားသည်။
အလားတူ စက်တင်ဘာလ ၁၇ ရက် ယနေ့နံနက် ၈ နာရီခွဲတွင် တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာမှ အောင်ချမ်းသာကျေးရွာဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရှိရသည်။
စစ်ကောင်စီစစ်ကြောင်းကို Guerrilla Warfare-K.P.K၊ TSR၊ Taze Tiger၊ Nine Star၊ တပ်ရင်း ၈၊ တပ်ရင်း၆၊ တပ်ရင်း၁၀၊ တပ်ရင်း၁၆၊ TCRLFPLA နှင့် PLA တပ်ဖွဲ့များမှ ဆွဲမိုင်း၁လုံး တိုက်မိုင်း၂လုံးဖြင့် စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Guerrilla Warfare-K.P.K က သတင်းထုတ်ပြန်သည်။
အလားတူ ယမန်နေ့ နေ့လယ်တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ မြို့တော်ခန်းမအနီး ပျူစောထီးများ သင်တန်းပေးနေစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ထိခိုက်ပျက်စီးမှုများ ရှိပြီး ပျူစောထီးသင်တန်းမှာ ရပ်နားသွားကြောင်း သတင်းရရှိသည်။
Armed Revolutionary Focce ARF- KU၊ Future Hero၊ Thunderstom (လျှပ်စီးမိုးကြိုး) အဖွဲ့များမှ ပူးပေါင်း၍ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပေါက်ကွဲသံများ၊ စစ်ကောင်စီတပ်ဖွဲ့ဘက်၏ ပြန်လည် ပစ်ခတ်သံများ အဆက်မပြတ် ကြားရကြောင်း Armed Revolutionary Force K.U က သတင်းထုတ်ပြန်ထားသည်။
ဓါတ်ပုံ – PDF-South Monywa အဖွဲ့က တောပုကျေးရွာအနီး ပျူစောထီးများကို သွားရောက်တိုက်ခိုက်စဉ်